Friday, July 31, 2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့ မွန်းလွဲ (၂) နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ကုက္ကိုကုန်းနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် တောင်တွင်းကြီး မြို့နယ်၊ ထောက်ကြံ့ကွင်း ကျေးရွာအနီး၊ တောင်တွင်းကြီး-ပျဉ်းမနားရထား လမ်းပိုင်း မိုင်တိုင်အမှတ် ၂၃၅ အနီးတွင် ဆိုင်ကယ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ တောင်တွင်းကြီး- ပျဉ်းမနား ရထားလမ်းဘေး မြေသားလမ်းအတိုင်း မျဉ်းချောင်း ကျေးရွာမှ တောင်တွင်းကြီးဘက် သို့ တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း(၁)ရပ်ကွက်နေ သက်ဆွေဝင်း (၂၇)နှစ် မောင်းနှင်လာသော ၄၂ယ/xxxxx ဟွန်ဒါ ၁၁၀ အနက်ရောင် ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်သား တံတားဘောင်အား ၀င်ရောက် တိုက်မိပြီး သက်ဆွေဝင်းတွင် ဒဏ်ရာများ ရရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိ ရသဖြင့် ဆိုင်ကယ် မဆင်မခြင် မောင်းနှင်သူ သက်ဆွေဝင်း အား တောင်တွင်းကြီးမြို့နယ်၊ ကုကိ္ကုကုန်း နယ်မြေရဲစခန်း ယာဉ်(ပ)၂/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ အရ အမှုရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

မင်းဘူး ဇူလိုင် ၃၁
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင် စေတုတ္တရာမြို့နယ်တွင် ဇူလိုင်လ(၂၉)ရက်နှင့်(၃၀)ရက်တို့တွင် မိုးများ အဆက်အပြတ်သည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်အမှတ်(၁)ရပ်ကွက် အိမ်ခြေအားလုံး၊ အမှတ်(၂)ရပ်ကွက် လယ်ပြင်စုတို့၌ ဇူလိုင်လ(၃၁)ရက် နံနက်(၈း၃၀)အချိန်တွင် ရေမြုပ်နေပြီဖြစ်ကြောင်း သိရှိရပြီးအမှတ်(၂)ရပ်ကွက် ပိတောက်မြိုင်၊ တောင်ခေတ္တရာ၊ ရွာသစ်တို့တွင်ရေ၀င်ရောက်မှုမရှိသေးကြောင်း သိရှိရသည်။
အဆိုပါ ရေမြုပ်နေသည့်အိမ်ထောင်စုများကို ကယ်ဆယ်ရေးစခန်းအဖြစ် ဖွင့်လှစ်ထားရှိသည့် အခြေခံပညာ အထက်တန်းကျောင်းနှင့် မြို့နယ်မီးသတ်စခန်းတို့တွင် နေရာချထားပေးကြောင်း သိရှိရပါသည်။ထို့အပြင်ဆက်သွယ် ရေးနှင့်လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများဖြစ်ပေါ်နေပါသည်။မုန်းတမံ၏ရေ၀င်ရောက်မှု လက်ရှိအခြေအနေမှာ (၅၅၀.၂)ပေကျော်ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။
၃၀-၇-၂၀၁၅)ရက်နေ့ နေ့လည်(၁း၃၀)ခန့်တွင် မန်းချောင်းရေကြီးရေလျှံ၍ ငဖဲမြို့နယ် မြို့မအရှေ့ပိုင်းရပ်ကွက်နှင့်အလယ်ပိုင်းရပ်ကွက်များသို့ ရေ(၁)ပေခွဲခန့်ရောက်ရှိသောကြောင့် အိမ်ထောင်စု(၃၀)ခန့် ရေလွှတ်ရာသို့ပြောင်းရွှေ့ နေ
ထိုင်ကြောင်းသိရသည်။

ရေနံချောင်း           ဇူလို်င်  ၃၁ 
မကွေးတိုင်းဒေသကြီး၊ရေနံချောင်းမြို့နယ် ဧရာဝတီမြစ်ဘေးရှိကျေးရွာများဖြစ်သည့် ၀က်လွတ်အုပ်စု၊ ၀က်မစွတ်အုပ်စု ငါးလန္တာကျေးရွာနှင့် ဘူကျွန်းကျေးရွာအုပ်စုတို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်ဝင်ရောက်မှုကြောင့် တိရိ​စ္ဆာန်များကိုဘေးလွတ်ရာသို့ ရွှေ့ပြောင်းလျှက်ရှိကြောင်းသိရသည်။
ဝက်လွတ်ကျေးရွာအုပ်စုတွင်မြစ်ရေ(၂)ပေခန့်၊ ၀က်မစွတ်အုပ်စု ငါးလန္တာကျေးရွာတွင် မြစ်ရေ(၂)ပေခန့် နှင့်ဘူးကျွန်းကျေးရွာအုပ်စုတွင် မြစ်ရေ(၁)ပေခွဲခန့်ဝင်ရောက်လျှက်ရှိသောကြောင့် ၀က်လွတ်ကျေးရွာအုပ်စုမှ နွားကောင်ရေ(၉၉၁)ကောင်ကို ပွင့်ဖြူမြို့နယ်ကျောင်းတော်ရာဂါတ်ကျွန်း၊ပေါက်စုနှင့်ကန်ကုလားကျေးရွာများသို့ လည်းကောင်း ၀က်မစွတ်ကျေးရွာအုပ်စုငါးလန္တာကျေးရွာမှ နွား(၁၂၈)ကောင်ကို ကျည်းကြီး၊၀က်မစွတ်ကျေးရွာများ နှင့် ဘူးကျွန်းကျေးရွာအုပ်စုမှ နွားများကိုရေနံချောင်းမြို့ မြို့မမြောက်ရပ်ကွက်ရှိ ရွှေစေတီဘုန်းတော်ကြီးကျောင်း နှင့်ဂိုဏ်းအုပ်ဘုန်းတော်ကြီးကျောင်းအတွင်းသို့ ပြောင်းရွှေ့ထားပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသောနွားများကို ရွှေ့ပြောင်းနိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

အဆိုပါမြစ်ရေ၀င်ရောက်မှုကြောင့် တိရိစ္ဆာန်များကိုဘေးလွတ်ရာသို့ ရွှေ့ပြောင်းလျှက်ရှိသော်လည်း လုူနေအိမ်များရွှေ့ပြောင်းခြင်းမရှိသေးကြောင်းနှင့် ဧ၇ာဝတီမြစ်ရေမှာ နှစ်စဉ်ဝင်ရောက်မြဲဖြစ်ကြောင်းဒေသခံ တစ်ဦးကပြောသည်။
ဆိပ်ဖြူ ဇူလိုင် ၃၀
 မကေွးတိုင်းဒေသကြီး ဆိပ်ဖြူမြို့ နယ်သည် ဧရာဝတီမြစ်နှင့် ယောချောင်းဆုံရာတွင်တည်ရှိပြီး သဘာဝဘေး အန္တရာယ် ဖြစ်သည့်ရေဘေး အန္တရယ်ကျရောက်နိုင်သော မြို့ နယ် ဖြစ်သည်။ ၂၀၁၀/၂၀၁၁ခုနှစ်အောက်တိုဘာ လများတွင် ယောချောင်းနဘေးရှိကျေးရွာ နေပြည်သူအများ ချောင်ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ် ခဲ့ဖူကြောင်းသိရှိရသည်။

ထိုသဘာဝဘေးအန္တရာယ် ဖြစ်ပေါ်မှု များ အပေါ် မြို့နယ်ဌာနဆိုင်ရာများ ၊လူမှုရေး အသင်းအဖွဲများက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ နှိုးဆော်ခြင်း ၊အသိပညာပေးခြင်းလုပ်ငန်း များကိုဆောင်ရွက်ပေး လျက်ရှိရာ ဇူလိုင်လ ၂၅ ရက်နေ့မှ့ ၃၀ရက်နေ့ ထိ ဆိပ်ဖြူမြို့ နယ်တွင် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်သော မုန်တိုင်း ၏အရှိန်ကြောင့် မိုးအဆက်မပျက်ရွာသွန်းခဲခြင်းတို့ ကြောင့် ယောချောင်းရေမြင့်တက်၍ သဘာဝဘေး အန္တရာယ် ဖြစ်ပေါ်နိုင်ခြင်းတို့ ကြောင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်း များ ဖြစ်သည့် ရေကင်းချထားခြင်းများ၊အသံချဲစက်များဖြင့် အသိပေးနှိုးဆော်ခြင်း ချောင်းအထက်ပိုင်း မြို့ နယ် များသို့  ရေသတင်းစုံစမ်း အသိပေးခြင်းများ ၊ရုပ်မြင်သံကြား၊ရေဒီယို (FM) များမှ မိုးလေ၀သသတင်းထုတ်ပြန်မှု များကို ကြည့်ရှု နားထောင်းရေး တို့ ကိုနှိုးဆော်ထားကြောင်း ဆည်တမံများ ရေ၀င်ရောက်မှု နှင့် ဆည်တမံ များ ကျိုးပေါက်မှု မရှိစေရေးတွက် ဆည်မြောင်းဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း စောင့်ကြပ်ကြည့်ရှု စေခြင်း ၊အန္တရာယ်ဖြစ်ရှိနိုင်သော အခြေအနေဖြစ်ပေါ်လာပါက ချက်ခြင်း သတင်းပို့ စေခြင်း တို့ ကို ပြုလုပ်၍ မြို့နယ်ရုံးမှ အသိပေးညွှန်ကြားမှု များကို ဆောင်ရွက်လျက်ရှိရာ အရေးပေါ်အခြေ အနေဖြစ်ပေါ်လာပါက ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နိုင် ရန် ပူးပေါင်းဆောင်လျက်ရှိပြီး မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးဥာဏ်မျိုးနှင့် အဖွဲသည် ယောချောင်းရေ ကျဆင်းမှု နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကွင်းဆင်း ကြည့်ရှု ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဂန့်ဂေါ ဇူလိုင် ၃၀
ဂန့်ဂေါခရိုင် ဆောမြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းလျှက်ရှိသည့်အတွက် ဆောမြို့အတွင်း ဖြတ်သန်းစီးဆင်းသည့် ဆောချောင်းရေမြင့်တက်လာကာ ဇူလိုင် ၃၀ ရက်တွင် သီရိရပ်ကွက် အနိမ့်ပိုင်းရှိ လူနေ အိမ်အချို့တွင် ရေဝင်ရောက်မည့်အခြေအနေရှိလာပါက ချက်ချင်းပြောင်းရွှေ့နိုင်ရေး သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး၊ ကာကွယ်ရေးနှင်ပြန်လည်နေရာချထားရေးအဖွဲ့က စီစဉ်ထားကြောင်း သိရသည်။

ထို့ပြင် ဆောမြို့နှင့် ခွင်းချောင်းရွာကို ဆက်သွယ်ထားသည့် အရှည် ၃၀၀ ပေ၊ ရှိ ခွင်းချောင်းလူကူး တံတားမှာ ၁၀၀ ပေခန့် ပျက်စီးမျောပါသွားကြောင်းနှင့် တံတားမျောပါသွားသည့်အတွက် ထိခိုက်မှုမရှိသော် လည်း ဆက်သွယ်မှုခက်ခဲသွားသဖြင့် ဆက်သွယ်သွားလာနိုင်ရေး သက်ဆိုင်ရာက စီစဉ်ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။
ကံမ ဇူလိုင် ၃၁
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မကွေးတိုင်းဒေသကြီး၊  သရက်ခရိုင်၊ ကံမမြို့နယ်တွင်မင်းတုန်းချောင်းရေ ရေလျှံမှုဖြစ်ပွားခဲ့ရာ ရေနံ့သာကျေးရွာအနီး သရက်-ကံမ-ပြည်မော်တော်ကားလမ်းပေါ်ရှိမင်းတုန်းချောင်းကူးတံတား(ရေနံ့သာ)၏   မြောက်ဘက် တံတားချည်းကပ်လမ်း ပေါ်သို့ ယနေ့နံနက်မှ စတင်၍နေ့လည်ပိုင်းအထိ ချောင်းရေများဖြတ်သန်းစီးဆင်းလျှက်ရှိသည်။ အဆိုပါစီးဆင်းနေသော     ချောင်းရေများမှာတံတားကြမ်းခင်းကိုထိကပ်နေပြီးချည်းကပ်လမ်းတာဘောင်ပေါ်တွင်အကျယ်ပေ ၂၀၀ ခန့်ဖြတ်သန်းစီးဆင်းကာရေစီးအလွန်ကြမ်းသဖြင့်  မော်တော်ယာဉ်များ၊ခရီးသွားလုပ်သားပြည်သူများ ဖြတ်သန်းသွားလာ၍ မရသည့်အတွက် ချောင်းရေလျော့ကျသွားမည်အချိန်ကိုစောင့်ဆိုင်းနေကြရကြောင်း သိရသည်။ ကျော်ဇေယျဝင်း

ဆော ဇူလိုင် ၃၀
ဂန့်ဂေါခရိုင် ဆောမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းလျှက်ရှိရာ ဆောမြို့နယ်တွင်း ဖြတ်သန်းစီး ဆင်းလျှက်ရှိသည့် ဆောချောင်း၊ ယောချောင်း၊ စလင်းချောင်း၊ ချီချောင်း၊ ကျောက်စစ်ချောင်း၊ ကြီးချောင်းတို့ တွင် ချောင်းရေများမြင့်တက်လျှက်ရှိသည်။
ဆောချောင်းမှာ ဆောမြို့အတွင်းဖြတ်သန်းစီးဆင်းပြီး ချောင်းရေမြင့်တက်လျှက်ရှိရာ ဇူလိုင် ၃၀ ရက် ညနေပိုင်းတွင် သီရိရပ်ကွက်ရှိ မြို့နယ်အားကစားကွင်း၌ အလျှား ၁၀၀ ပေ၊ အနံ ၆ ပေခန့် ရေတိုက်စားသွား သည်။

ထို့ပြင် ဆောမြို့နယ်၌ ဇူလိုင် ၃၀ ရက်တွင် တိုင်းတာရရှိသည့် မိုးရေချိန်များမှာ ဆောမြို့၌ ၃ ဒသမ ၆၃ လက္မ၊ လောင်းရှည်တွင် ၃ ဒသမ ၈၁ လက္မ၊ ကျောက်ထု၌ ၃ ဒသမ ၂၈ လက္မ တို့ အသီးသီးရွာသွန်းကြောင်း သိရသည်။
ဂန့်ဂေါ ဇူလိုင် ၃၀
ဂန့်ဂေါမြို့နယ်တွင် ဖြတ်သန်းစီးဆင်းသည့် မြစ်သာမြစ်ရေသည် ဇူလိုင် ၂၈ ရက်တွင် နိမ့်ဆင်းသွား သော်လည်း မိုးများအဆက်မပြတ်ရွာသွန်းလာသည့်အတွက် ဇူလိုင် ၃၀ ရက်တွင် မြစ်သာမြစ်ရေ ပြန်လည် မြင့်တက်လာသည်။

ထို့ပြင် မုံရွာ- ပုလဲ- ဂန့်ဂေါ- ဟားခါးကားလမ်း ဂန့်ဂေါမြို့နှင့် စိုင်ဒူးကျေးရွာကြား မဖေးချောင်းတွင် ဇူလိုင် ၂၈ ရက်မှစ၍ ဖြတ်သန်းသွားလာနိုင်ခဲ့သော်လည်း ဇူလိုင် ၃၀ ရက်တွင် ချောင်းရေမြင့်တက်လာသဖြင့် အဆိုပါချောင်းကို မော်တော်ယာဉ်များ ဖြတ်သန်းမောင်းနှင်နိုင်ခြင်းမရှိဘဲ စောင့်ဆိုင်းနေရကြောင်းနှင့် ခရီး သွားများအတွက် လှေဖြင့်ဖြတ်ကျော်နိုင်ရန် စီစဉ်ဆောင်ရွက်ထားကာ ကားဖြင့်လိုက်ပါလာသည့် ခရီးသည်များ အား စေတနာရှင်များက ထမင်းထုပ်များ ဝေငှပေးကြောင်း သိရသည်။ 

Wednesday, July 29, 2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ ညနေ (၃)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ပွင့်ဖြူမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နယ်မြေသတင်းစုံစမ်းနေစဉ် ပွင့်ဖြူမြို့နယ်၊ ရေပုတ် ကလေးကျေးရွာနေသူ ကိုထွန်းထွန်းဦးမှ ၎င်းထံသို့ အမည်မသိလူ(၂)ဦးမှ နံပါတ်မပါ ANBO 125 နက်/ဖြူကြား ဆိုင်ကယ်နှင့် ANBO 125 နီ/နက်ကြား ဆိုင်ကယ် (၂)စီးအား လာရောက် ပေါင်နှံခဲ့ပြီး ထွက်ခွာသွားစဉ် မသင်္ကာသဖြင့် လိုက်လံကြည့်ရှုရာ မဒဲကျေးရွာနှင့် ကနီရွာအကြားတွင် ရပ်တန့်ထား ခဲ့သော နံပါတ်မပါ AGUO 125 နီ/နက်ကြား ဆိုင်ကယ်ဖြင့် ထွက်ခွာ သွားကြောင်း ဖုန်းဆက်သတင်းပေး ချက်အရ အဆိုပါ ဆိုင်ကယ် ပေါင်နှံသူ(၂)ဦးအား လိုက်လံစုံစမ်း ရှာဖွေစဉ် ရှောက်တောကျေးရွာ လမ်းဆုံ တွင် ဆိုင်ကယ် ပေါင်နှံသွားခဲ့သူ(၂)ဦးအား သက်သေများ နှင့်အတူ တွေ့ရှိစစ်မေးရာ မန္တလေး တိုင်း ဒေသကြီး၊ ကျောက်ဆည် မြို့နယ်၊ မြို့ဦးရပ်ကွက်နေသူ အောင်ကိုထွန်း (၂၃)နှစ် နှင့် ကျောက်ဆည် မြို့နယ်၊ ထနောင်းပင်လှရွာနေသူ ညွှန့်ဦး (၃၂)နှစ် တို့ ဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့ ပေါင်နှံထားခဲ့သည့် ဆိုင်ကယ်(၂)စီးနှင့် လက်ရှိ စီးနင်းလာသော ဆိုင်ကယ်(၁)စီး၊ စုစုပေါင်း ဆိုင်ကယ်(၃)စီး တို့နှင့် ပတ်သက်၍ ၄င်းတို့ပိုင်ဆိုင်ကြောင်း အထောက် အထား တစ်စုံတစ်ရာ ပြောဆိုပြသနိုင်ခြင်း မရှိသဖြင့် တစ်နေရာရာမှ ခိုးယူလာသည်ဟု မသင်္ကာ သဖြင့် ညွှန့်ဦးနှင့် မြင့်သူတို့အား အရေးယူပေးပါရန် ၂၈.၇.၂၀၁၅ ရက်နေ့ ၂၀၀၅ အချိန် ဒုရဲအုပ် နိုင်နိုင်ထွန်းမှ တရားလို ပြုလုပ်တိုင်တန်းသဖြင့် ပွင့်ဖြူမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၄၅/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉/၅၄ အရ အမှုရေးဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ ည (၈) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့် အတူ မကွေးမြို့နယ်၊ ကံပြားအရှေ့ ကျေးရွာ ၀င်/ထွက် မောင်းတံဂိတ်တွင် ၁င/၈၄၈၁ AA Express မကွေး-မူဆယ် ခရီးသည် တင်ယာဉ်အား ရပ်တန့် စစ်ဆေးရာ ယာဉ်ပေါ်တွင် ပါလာသော မကွေးမြို့၊ မြင်သာရပ်ကွက်၊ (၂၈)လမ်းနေသူ မဖြူနှင်းဝေ (၂၀)နှစ်၊ မကွေးမြို့နယ်၊ အောင်ပုံ (တောင်) ရွာနေသူ မနှင်းနှင်း (၂၂)နှစ်၊ မကွေးမြို့၊ အောင်မေတ္တာ ရပ်ကွက်နေသူ မသဇင်နွယ် (၂၃) နှစ်၊ မကွေးမြို့၊ အောင်ဇေယျာရပ်ကွက်နေသူ မမေမြတ်နိုး (၂၈)နှစ် တို့(၄)ဦးအား အောင်လံမြို့၊ ဘိုကုန်းရပ်ကွက်နေသူ မင်းခိုင် (၂၇)နှစ်မှ တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် အလုပ် လုပ်ကိုင် ပါက တစ်လလျှင် ငွေ ၈၀၀၀၀၀ိ/- ရမည်ဟု စည်းရုံး ခေါ်ဆောင်လာသည်ကို စစ်ဆေး တွေ့ရှိရ သဖြင့် ပြည်ပ အလုပ်အကိုင်ဆိုင်ရာ အကျိုးဆောင်လိုင်စင်မရှိဘဲ ပြည်ပသို့ ပို့ဆောင်ပေးသူ မင်းခိုင်အား မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း (ပ)၂၁၄/၂၀၁၅၊ ပြည်ပအလုပ်အကိုင် ဆိုင်ရာဥပဒေပုဒ်မ ၂၆ အရ အမှုရေး ဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

Tuesday, July 28, 2015






မကွေး     ဇူလိုင်     ၂၇
    မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဘုန်းမော်ရွှေသည် ဇူလိုင် ၂၇ ရက်နံနက် ၁၁ နာရီက တိုင်းဒေသကြီးစိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးဦးအောင်နိုင်၊တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ မင်းဘူးခရိုင်အတွင်း ဆည်တမံများအား ရေ၀င်ရောက်မှုအခြေအနေ၊ ကြံ့ခိုင် မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
    ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မင်းဘူးခရိုင် ငဖဲမြို့နယ် မန်းချောင်းရေလှောင် တမံသို့ရောက်ရှိခဲ့ရာ တိုင်းဒေသကြီး ဆည်မြောင်းထိန်းသိမ်းရေးမှ တာဝန်ရှိသူများမှ မန်းချောင်းရေလှောင်တမံအတွင်း ရေ၀င်ရောက်မှုအခြေအနေ ဒေသတစ်ဝိုက် မိုးရွာသွန်းမှုအခြေ အနေ ယခင်နှစ်များက မိုးရွာသွန်းမှုအခြေအနေနှင့် ရေ၀င်ရောက်မှုအခြေအနေ၊ မန်းချောင်း ရေလှောင်တမံ ရေပိုလွှဲမှရေများရေလွှဲနေမှုအခြေအနေ၊တမံကြံ့ခိုင်ရေးအတွက် ဆောင်ရွက်ထား ရှိမှုများ၊အရေးပေါ် အခြေအနေနှင့်ကြုံလာပါက ဆောင်ရွက်ရန်အတွက် ဇာတ်တိုက်လေ့ကျင့် ထားရှိမှုများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေမှ တင်ပြချက်များ အပေါ် ကြိုတင်ပြင်ဆင်ရန်ရှိသည်များအားလမ်းညွှန်မှာကြားပြီး လိုအပ်ချက်များအပေါ် တိုင်းဒေ သကြီး အဆင့်ဌာနဆိုင်ရာများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ထို့နောက် မန်းချောင်း ရေလှောင်တမံသို့ရေ၀င်ရောက်မှုနှင့် ရေပိုလွှဲမှ ထုတ်လွှတ်မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေး ခဲ့သည်။
    ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီိးချုပ်သည် မွန်းလွဲပိုင်းတွင် မန်းရွှေစက်တော် ဘုရားသာသနဗိမာန်အား  ရွှေတောင်ဖွံ့ဖြိုးမှု ကုမ္ပဏီမှဆောက်လုပ်နေမှုအခြေအနေကို ကြည့်ရှုစစ် ဆေးပြီး တာဝန်ခံအင်ဂျင်နီယာနှင့်ဂေါပက အဖွဲ့များအား လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ စံချိန်စံညွှန်းမီအောင်ဆောက်လုပ်ရေး၊ မိုးတွင်း ကာလ ဖြစ်သဖြင့် အလေအလွင့်ပျက်စီးဆုံးရုံးမှု မရှိစေရေးအတွက် တာဝန်ရှိသူများမှကြပ်မတ် ဆောင်ရွက်ရေးကိုမှာကြားပြီး တာဝန်ခံ အင်ဂျင်နီယာမှ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။၎င်းနောက် မန်းချောင်းရေမြင့်တက်လာမှုကြောင့် မန်းရွှေစက်တော် အောက်စက်တော်ရာဘုရား ရေနစ်မြုပ်မှု အခြေအနေ ကိုကြည့်ပြီး ဘုရားပရ၀ဏအတွင်း မန်းချောင်းရေမြင့်တက်မှုကြောင့် ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် ဆောင်ရွက်ထားရှိကြရန်နှင့် ရေကျပါက ဘုရားဖူးလာပြည်သူများ သန့်ရှင်း သပ်ရပ်စွာကြည်ညိုနိုင်ရန်အတွက် အမြန်ဆုံးသန့်ရှင်းရေးဆောင်ရွက်ကြရေးတို့ကို ဌာနဆိုင်ရာ တာဝန်ရှိသူများ ဘုရားဂေါပကအဖွဲ့များအား မှာကြားကြားခဲ့သည်။
    ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မဲဇလီရေလွှဲဆည်သို့ နေ့လည် ၁ နာရီခွဲတွင် ရောက်ရှိခဲ့ပြီး မဲဇလီရေလွှဲဆည်အတွင်းရေ၀င်ရောက်မှုအခြေအနေ ဆည်ကြံ့ခိုင်မှုအခြေအနေ ရေပိုလွှဲမှရေထုတ်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူ များကရှင်းလင်တင်ပြခဲ့သည်။ထို့နောက် မဲဇလိရေလွှဲဆည်ကြံ့ခိုင်မှု အခြေအနေတို့ကို အသေး စိတ် ကြည့်ရှုစစ်ဆေးခဲ့ပြီး မဲဇလီရေလွဲဆည်မှ တောင်မုန်းမြောင်းမကြီးအတွင်း ရေစီးဆင်း ၀င်ရောက်မှု၊ စပါးစိုက်ပျိုးရန်အတွက် ရေပေးဝေနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ မွန်းလွဲ (၂) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ကန်နယ်မြေရဲခစန်း၏ မြောက်ဘက် (၇)မိုင်ခန့် အကွာရှိ မိုးစို(ရွာမ)ကျေးရွာအနီး မြစ်သာမြစ်အတွင်းသို့ ကလေးတစ်ဦး ပြုတ်ကျ ရေနစ်သေဆုံးကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ဂန့်ဂေါမြို့နယ်၊ မိုးစို(ရွာမ) ရွာနေသူ မမေသက်ခိုင် (၇)နှစ်သည် ညီမ၀မ်း ကွဲတော်စပ်သူ မမိကဲကဲ (၇)နှစ်နှင့်အတူ မိဘ အုပ်ထိန်းသူများ မပါဘဲ ရွာ၏ အနောက် ဘက် မြစ်ကမ်းပါးသို့ မြစ်သာမြစ် ရေကြီးနေသည်ကို သွားရောက် ကြည့်ရှုရာ ရေတိုက်စား၍ မြစ်ကမ်းပါး ပြိုကျစဉ် မမေသက်ခိုင်မှာ မြစ်အတွင်းသို့ ပြုတ်ကျပြီး ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေး သိရှိရ သဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၄/၂၀၁၅ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ မွန်းလွဲ (၂)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်ထု နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ကျောက်ထု-ပေါက် ကားလမ်းမိုင်တိုင်အမှတ် ၇၆/၀ အနီး လမ်းအလုပ်သမားများ နေထိုင်သော တဲစုသို့ အရောက်တွင် ရမည်းသင်း မြို့နယ်၊ ညောင်အိုင် ကျေး ရွာနေသူ ရဲမင်းပိုင် (၂၃)နှစ် နှင့် ပြင်စလူမြို့နယ်၊ ဂုံညှင်းတန်းရွာနေသူ စည်သူမောင် (၂၄)နှစ် တို့ နှစ်ဦး ထံမှ XIAM FENG အမျိုးအစား အပြာနုရောင် ဆိုင်ကယ်(၁)စီး၊ SAMSUNG ဟန်းဆက်တစ်လုံးတို့အား မသင်္ကာဖွယ် တွေ့ရှိစစ်မေးရာ ရဲမင်းပိုင်နှင့် စည်သူမောင် တို့မှ ၄င်းတို့ ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသဖြင့် နေအိမ်အဆောက်အဦ တစ်ခုခုအတွင်းမှ ခိုးယူလာသည်ဟု မသင်္ကာ ၍ ရဲမင်းပိုင်နှင့်စည်သူမောင် တို့အား ဆောမြို့နယ်၊ ကျောက်ထု နယ်မြေရဲစခန်း (ပ)၅၆/၂၀၁၅၊ ပြစ်မှုဆိုင် ရာ ဥပဒေပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အမှု ရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ ညနေ (၃း၁၅) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ ယင်းဆိပ်ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီးတွင် မီးလောင်ဒဏ်ရာဖြင့် လူတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ မကွေးမြို့နယ်၊ ဆူးကောက်စမ်း ကျေးရွာနေသူ စန်းလွင်ဦး (၂၅)နှစ် ဖြစ်ကြောင်း သိရှိရပြီး ၄င်း၏ ဇနီးဖြစ်သူ မချောစုလှိုင်နှင့်အတူ မကွေးမြို့နယ်၊ ပုထိုးကျေးရွာ ရှိ ယောက္ခမဖြစ်သူ ဒေါ်စန်းနွဲ့ (၅၀)နှစ်၏နေအိမ်သို့ အလည်အပတ် ရောက်ရှိနေစဉ် ၂၃.၇.၂၀၁၅ ရက်နေ့ ၁၇၀၀ အချိန်ခန့်တွင် စန်းလွင်ဦးမှာ ဆေးလိပ်သောက်ပြီး နေအိမ်ဝိုင်းအတွင်း ရပ်ထားသည့် ဆိုင်ကယ်အား ဓါတ်ဆီဖြည့်ရန်အတွက် ဓါတ်ဆီဗူး (တစ်လီတာဆံ့ ရေသန့်ဗူး) အား ယူလာစဉ် ဓါတ်ဆီဗူးပေါ်သို့ ဆေးလိပ် မီးပွားကျပြီး ဓါတ်ဆီဗူးမှတစ်ဆင့် ခန္ဓာကိုယ် တစ်ကိုယ်လုံး မီးကူးစက် လောင်းကျွမ်း ဒဏ်ရာများ ရရှိခဲ့ သဖြင့် ၁၉၃၀ အချိန် မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေစဉ် ၂၆.၇.၂၀၁၅ ရက်နေ့ ၁၇၀၀ အချိန်တွင် မီးလောင် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသဖြင့် မီးပေါ့ဆစွာ သုံးစွဲ၍ ခန္ဓာကိုယ်အား မီးကူးစက် လောင်ကျွမ်း သေဆုံးသူ စန်းလွင်ဦးအား မကွေးနယ်မြေရဲစခန်း (ပ)၂၁၂/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅/၃၀၄-က အရ အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။


Monday, July 27, 2015

ဂန့်ဂေါ ဇူလိုင် ၂၇
    ဂန့်ဂေါမြို့နယ်၌ ဇူလိုင် ၂၅၊ ၂၆၊ ၂၇ ရက်များတွင် မိုးအဆက်မပြတ်ရွာသွန်းသည့်အတွက် မုံရွာ- ပုလဲ- ဂန့်ဂေါ- ဟားခါးကားလမ်း ဂန့်ဂေါမြို့နှင့် စိုင်ဒူးကျေးရွာကြား မဖေးချောင်းရေမြင့်တက်လာကာ မဖေးချောင်း တံတားမှာ ရေနစ်မြုပ်သွားသဖြင့် အဆိုပါတံတားပေါ် မော်တော်ယာဉ်များ ဖြတ်သန်းနိုင်ခြင်းမရှိသည့်အတွက် ယာဉ်ကြောပိတ်ဆို့သွားသည်။
    အဆိုပါ ချောင်းရေလျှော့နည်းသွားသည့်အခါတွင် မော်တော်ယာဉ်များ လွယ်ကူစွာပြန်လည်သွားလာ နိုင်ရေးအတွက် ဂန့်ဂေါခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဇင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်၊ လမ်း ဦးစီးဌာနနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေး၊ ကာကွယ်ရေးနှင့်ပြန်လည်နေရာချထားရေးကော်မတီဝင်များ အနီးကပ်ဦးစီးဆောင်ရွက်လျှက်ရှိကြသည်။

ဂန့်ဂေါမြို့နယ် ၊ ကန်ရွာကျေးရွာ၊ မြစ်သာမြစ်ရေများပြားမှုကြောင့် နှမ်းလုပ်တောင်သူများ
ဆုံးရှုံးမှုများဖြစ်ပေါ်နေပြီး တောင်သူလုပ်သားများအနေဖြင့်စိုးရိမ် ပူးပန်မှုများဖြစ်နေကြောင်း သတင်းရရှိပါသည်။

ဆိပ်ဖြူ ဇူလိုင် ၂၆
မကွေးတိုင်းဒေသကြီး၊ဆိပ်ဖြူမြို့ နယ် စည်ပင်သာယာရေးအဖွဲ မှကြီးမှူး၍ မိုးရာသီ လမ်းဘေး ၀ဲယာ အရိပ်ရ သစ်ပင်နှင့်ပန်းအလှပင်စိုက်ပျိုးပွဲတော်ကိုဇူလိုင်လ၂၅ရက်နေ့ နံနက်(၇)နာရီအချိန်တွင်ဆိပ်ဖြူ-ဆာ-ကန်ပက်လက်ကားလမ်း မြို့ ဝင်လမ်းဆုံတွင်ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနာသို့ တိုင်ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမြင့်စိုး၊မြို့ နယ်အုပ်ချုပ်ရေးမှူးဦးဥာဏ်မျိုး
၊မြိုနယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌဦးကျော်မြင့်မြို့နယ်အမှုဆောင်အရာရှိဦးရှိန်မြင့်မောင် နှင့်ဌာန
ဆိုင်ရာအကြီးကဲများ၊၀န်ထမ်းများလူမှုရေးအသင်းအဖွဲများ၊အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာသင် တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် နည်ပြ ဆရာမများ၊ သင်တန်း သူများ ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးမျာနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ သည်။
အခမ်နားတွင်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့ နယ်စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ ၊မြိုနယ်အမှုဆောင်အရာရှိတို့ က ပန်းအလှပင်များကို စတင်စိုက်ပျိုးခဲ့ပြီး မြို့ နယ်အုပ်ချုပ် ရေးမှူးနှင့် အဖွဲသည် အရိပ်ရသစ်ပင်နှင့် ပန်းအလှပင်များ စိုက်ပျိုးနေခြင်းများကို လိုက်လံကြည့်ရှု အားပေးခဲ့ သည်။
ဆိပ်ဖြူမြို့ နယ်စည်ပင်သာယာရေးအဖွဲ ၏၂၀၁၅ ခုနှစ်မိုးရာသီ လမ်းဘေးဝဲယာ အရိပ်ရသစ်ပင်နှင့်ပန်းအ လှပင်စိုက်ပျိုး ပွဲတွင် နွယ်သာ ကီ(၅၀)ပင်၊ စိန်တကျူ(၅၀)ပင်၊ စက္ကူပန်းအလှပင်ရောင်စုံ (၅၀)ပင် နှင့် လမ်းဘေး အရိပ်ရသစ်ပင်(၁၀၀)ပင် တို့ ကိုစိုက်ပျိုးခဲကြောင်းသိရှိရသည်။
၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့ ည (၈)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ဂျွန်းတောင်ကျေးရွာနေ သန်းဝင်း (ခ)ဂျစ်တူး (၃၀)နှစ်သည် နေအိမ်အပေါ်ထပ်၌ ရှိနေ စဉ် နေအိမ်အောက်ထပ်သို့ အပေါ်အင်္ကျီမပါသော လူတစ်ဦးဝင်သွားသည်ကို တွေ့ရှိရသဖြင့် အောက်သို့ ဆင်း၍ ဓါတ်မီးဖြင့်ထိုးကြည့်ရာ တစ်ရွာတည်းနေ သန်းဇော် (၃၈)နှစ် ဖြစ်ကြောင်း တွေ့ရှိရပြီး ၎င်းမှာနေအိမ် ခေါင်းရင်းဘက် အမှောင်ထဲသို့ ထွက်ပြေးသွားသဖြင့် ညဥ့်အချိန်ပုန်းလျှိုး အိပ်ကျော်နင်းသူ သန်းဇော်အား အရေးယူပေးပါရန် ၂၆.၇.၂၀၁၅ ရက်နေ့တွင် သန်းဝင်း(ခ) ဂျစ်တူးမှ တရားလိုပြုလုပ် တိုင်တန်း၍ ကံမမြို့နယ်၊ မြို့မရဲစခန်း(ပ) ၆၅/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၅၆ အရ အမှုရေး ဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့ နေ့လည် (၁၂) နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ အမှတ်(၄) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များသည် မကွေးမြို့၊ အောင်စေတနာရပ်ကွက်နေ သူရပြည့်စုံကျော် ရောက်လာပြီး ၎င်း၏ဖခင်ဖြစ်သူ ဦးတိုင်းကျော် (၄၃)နှစ်သည် နံနက် (၇)နာရီခွဲ အချိန်ခန့် တွင် မကွေးမြို့၊ မြို့ပတ်လမ်းအတိုင်း မြို့ပတ်လမ်းနှင့် တောင်တွင်းကြီး လမ်းဆုံ ကြားပန်း အ၀ိုင်းပတ်မှ အထက(၃)ဘက်သို့ ၃၆ယ/xxxxx ဒါရန်း ၁၂၅ ဖြူနက်ကြားရောင်ဆိုင်ကယ်ဖြင့် တစ်ဦးတည်း မောင်းနှင် လာစဉ် အောင်ဇေယျာရပ်ကွက် အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်၍ မကွေးဆေးရုံကြီးသို့ တင်ပို့ထားရှိခဲ့ရာ နံနက် (၁၀)နာရီခွဲ အချိန် သေဆုံးသွား ကြောင်း သတင်းပေးပို့လာသဖြင့် သွားရောက် စစ်ဆေးရာ ဦးတိုင်းကျော်တွင် ၀ဲချိုစောင်း ဖူးရောင် ပေါက်ပြဲ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရ၍ ဆိုင်ကယ်မဆင်မခြင် မောင်းနှင်သူ ဦးတိုင်းကျော်အား မကွေးမြို့နယ်၊ မကွေးနယ်မြေ ရဲစခန်း ယာဉ်(ပ) ၃၇/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က အရ အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါ သည်။

Sunday, July 26, 2015

ချောက်        ဇူလိုင်        ၂၅    ရက်
    မကွေးတိုင်းဒေသကြီး ၊ ချောက်မြို့နယ် ၊၀န်လိုကျေးရွာ ၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ကျောင်းဆောင်သစ် (၃)ဆောင်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်  ကျင်းပရာ အခမ်းအနားကို တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်ဦး ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်သက် ၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ကြည်ကြည်ဝင်း နှင့် ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်အားပေးခဲ့သည်။
    ရှေးဦးစွာ အဆိုပါကျောင်းဆောင်သစ်ပေးအပ်ပွဲဆိုင်းဘုတ်ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်သက် မှ စက်ခလုပ် ဖွင့်လှစ်ပေးပြီးနောက် တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်ဦး ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်သက် ၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ကြည်ကြည်ဝင်း တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
    ယင်းနောက် တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်ဦး ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်သက် ၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ကြည်ကြည်ဝင်း တို့မှ အမှာစကားပြောကြားပြီးနောက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး မှကျေးဇူးတင်စကားပြောကြားခြင်း ၊ အဆိုပါကျောင်းအုပ်ဆရာကြီး ဦးနှင်းမြင့်ဦး ကျောင်းဆောက်လုပ်ရခြင်းများအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
    အဆိုပါကျောင်းအတွက်လိုအပ်နေသော ပစ္စည်းများ ၊ ပရိဘောဂများလှူဒါန်းပေးသော အလှူရှင်များအား ဂုဏ်ပြုလွှာများ ၊အထိမ်းအမှတ်အလံများကို တာဝန်ရှိသူများမှ ပေးအပ်ခဲ့ရာ အလှူရှင်များ နှင့် တာဝန်ရှိသူများ အသီးသီးတို့ကလက်ခံရယူခဲ့ကြသည်။ ယင်းကျောင်းဆောင်ကို အလျား ၁၂၀ ပေ× အနံ ၃၀ ပေ × အမြင့် ၁၅ ပေ ဖြစ်ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ၊ နိုင်ငံတော်ခွင့်ပြုငွေကျပ် (၄၃၂)သိန်းအကုန်ကျခံ ဆောက်လုပ်ခဲ့ပြီး သွပ်မိုး ၊ အုတ်ကာ ၊ တမံသလင်းခင်း (RC) အမျိုးအစား တစ်ထပ်ကျောင်းဆောင်ဖြစ်ပြီး ဆရာ /ဆရာမ (၁၂)ဦးရှိပြီ့း ကျောင်းသား/သူ (၁၉၂)ဦးပညာသင်ယူလျှက်ရှိကြောင်း သိရှိရသည်။
နတ်မောက်                ဇူလိုင်၂၆
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုကြီးကြပ်ရေးဦးစီး ဌာနတို့ပူးပေါင်းဖွင့်လှစ်သောသဘာဝသစ်သီးဝလံအခြေခံစားသောက်ကုန်ထုတ်လုပ်မှု သင်တန်းဖွင့်ပွဲကို ဇူလိုင်၂၅ရက်နံနက်၈နာရီကန\ကျားထူးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရုံးတွင်ကျင်းပသည်။
အခမ်းအနားတွင်မြို့နယ်အုပ်ချုပ်ရေးမှူးဦးဌေးအောင်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနဦးစီးမှူဦးစိုးမင်းထွန်းမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်သင်တန်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းခဲ့သည်။ အဆိုပါသဘာဝသစ်သီးဝလံအခြေခံ စားသောက်ကုန်ထုတ်လုပ်မှုသင်တန်းမှာသင်တန်းသား\သူ(၃၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှဇူလိုင်၂၅ရက်မှ၂၉ရက်အထိ(၅)ရက်သာသင်တန်းပို့ချသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။


မကွေးတိုင်းဒေသကြီး ချောက်မြိုနယ် အနော်ရထားတံတားထိပ်ရှိစည်ပင်သာယာပန်းခြံတွင် ယနေ့နံနက်(၀၈း၀၀)နာရီအချိန် ကျင်းပရာဗိုလ်ချုပ်ရာပြည့်ဖြစ်မြောက်ရေး ကော်မတီဒုဥက္ကဌဦကျော်ဝင်း Denkoစက်သုံးဆီ အရောင်ဆိုင် တာဝန်ခံ ဦးမြဝင်းအောင် မြိုမိမြိုဖဖြစ်သူ ဒေါ်စန်းမြင့် မြန်မ့ာရှေ့ဆောင်ဘဏ် မန်နေဂျာ ဒေါ်သူဇာဆွေတို့မှဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့သည်။      ၄င်းနောက်တက်ရောက်လာကြသူများမှ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီး များကို အောက်မေ့အမှတ်တရဂုဏ်ပြုသောအား ဖြင့်(၁)မီနစ်ငြိမ်သက်၍ဂုဏ်ပြုခဲ့ကြသည်။် ဆက်လက်၍အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏သမီးလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှပေးပို့လာ သောရာပြည့်သဝဏ်လွှာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ချောက်မြို့နယ် အလုပ်အမှု ဆောင်ဒေါက်တာမောင်မောင်ကျော်မှဖတ်ကြားခြင်း  ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေး ဥက္ကဌ  ဦးဝင်းမောင်က ဗိုလ်ချုပ်အောင်ဆန်း ကြေးသွန်းရုပ်ထုဖြစ်ပေါ်လာပုံနှင့် ဆောင်ရွက်ခဲ့သည့်များကိုရှင်းလင်းခြင်း  ချောက်မြို့ Denkoစက်သုံးဆီ အရောင်းဆိုင် တာဝန်ခံ ဦးမြဝင်းအောင်က ဝမ်းမြောက် ကြောင်း ပြောကြားခြင်း  ဗိုလ်ချုပ်ရာပြည့် ကော်မတီဥက္ကဌ ဦးမြင့်ဆွေမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းနှင့် ဗိုလ်ချုပ်ကြေးရုပ်ထု ဖြစ်မြောက်ရေး အတွက်ပါဝင်လှုဒါန်းခဲ့ကြသည့်အလှုရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ကို တာဝန်ရှိသူများ ကအသီးသီးပေးအပ်ခဲ့ကြောင်းသိရှိရသည်။                 ဗိုလ်ချုပ်ကြေးရုပ်ထုဖွင့်ပွဲ အခမ်းအနားကို ကျောက်ဆည်ဆင်အကများ တီးဝိုင်းများဖြင့်သီဆိုဖျော်ဖြေပေးခြင်း နှင့် ဌာနဆိုင်ရာများ မြို့မိမြို့ဖပြည်သူများ စုစုပေါင်းအင်းအား(၃၀၀)ဦးခန့်တက်ရောက် ခဲ့ကြောင်းသိရှိရသည်။






မကွေး   ဇူလိုင်   ၂၆
    မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ အောင်ချမ်းသာရပ်ကွက်(ရန်ကျော်ရပ်)၊ ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း စေတနာဆေးခန်းဝင်းအတွင်း EAC ဖောင်ဒေးရှင်း၊ ဥရောပ-အာရှကော်မာရှယ် ကုမဏီလီမိတက်မှ ဆောက်လုပ်လှူဒါန်းသည့် မိခင်ကလေးကျန်းမာရေးနှင့် သားဖွားဆောင်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ပြုလုပ်သည်။
    အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေတက်ရောက် အမှာစကားပြောကြားပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်သန္တာလွင်မှ မိခင်ကလေးကျန်းမာရေးနှင့် သားဖွားဆောင်ဖွင့်လှစ်ရခြင်းအကြောင်းရှင်းလင်းပြောကြားပါသည်။
    ဆက်လက်ပြီး အဆောက်အဦအလှူရှင် ဥရောပ-အာရှကော်မာရှယ် ကုမဏီလီမိတက်မှ စီမံကိန်းမန်နေဂျာ ဦးစောအောင် လှူဒါန်းရခြင်းအကြောင်းရှင်းလင်ပြောကြားပါသည်။ ဆက်လက်ပြီး ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း ဥက္ကဌ ဒေါက်တာသန်းစိန်က မိခင်ကလေးကျန်းမာရေးနှင့် သားဖွားဆောင် ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ မိခင်နှင့်ကလေးကျန်းမာရေးကို ရှေးရှုပြီး မည်သူမဆို ယခု ဆောက်လုပ်လှူဒါန်းထားသည့် မိခင်ကလေးကျန်းမာရေးနှင့် သားဖွားဆောင်တွင် အခမဲ့ လာရောက်မွေးဖွားနိုင် ကြောင်း၊ ယခုလိုအခမဲ့ မွေးဖွားနိုင်သည့်အတွက် မိခင်နှင့်ကလေး အသေအပျောက်များကို နည်းနိုင်သမျှနည်း လာအောင် ၀ိုင်းဝန်းလုပ်ဆောင်ခဲ့ခြင်းပင်ဖြစ်ကြောင်းပြောကြားပါသည်။
    ယင်းနောက် ဒေသခံတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ဥရောပ-အာရှကော်မာရှယ် ကုမဏီလီမိတက်မှ မိခင်ကလေးကျန်းမာရေးနှင့် သားဖွားဆောင်ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အလံများကို ၀န်ကြီးချုပ်နှင့် တာဝန်ရှိသူများအားပေးအပ်ပါသည်။ မိခင်ကလေးကျန်းမာရေးနှင့် သားဖွားဆောင်ကို ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း ဥက္ကဌ ဒေါက်တာသန်းစိန်၊ ဥရောပ-အာရှကော်မာရှယ် ကုမဏီလီမိတက်မှ ဦးစောအောင်နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်သန္တာလွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပါသည်။ မိခင်ကလေးကျန်းမာရေးနှင့် သားဖွားဆောင်ကဗည်းမော်ကွန်းအား မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေက အမွှေးနံ့သာရည်များ ပက်ဖြန်းပေးပါသည်။
    အဆိုပါ မိခင်ကလေးကျန်းမာရေးနှင့် သားဖွားဆောင်ကို ဥရောပ-အာရှကော်မာရှယ် ကုမဏီလီမိတက်မှ ကျပ်သိန်း(၂၅၀)အကုန်အကျခံလှူဒါန်းခြင်းဖြစ်ပြီး တစ်ထပ်သွပ်မိုး၊ အုတ်ကာ တမံသလင်းခင်းဖြစ်ပြီး မွေးခန်း(၁)ခန်းနှင့် မွေးပြီးလူနာထားရှိရန် အခန်း(၆)ခန်းပါရှိကြောင်းသိရသည်။
ညီညီမောင်
မကွေး   ဇူလိုင်  ၂၅
    ၂၀၁၄-၁၅ ပညာသင်နှစ်မကွေးဇုန် တက္ကသိုလ်ဒီဂရီကောလိပ်ပေါင်းစုံ ဖိတ်ခေါ်ဘောလီဘောပြိုင်ပွဲ ကို ၂၀.၇.၁၅-ရက်နေ့တွင်စတင်ကျင်းပခဲ့ပြီးယနေ့ ၂၅.၇.၁၅ ရက်နေ့တွင်ပြိုင်ပွဲဆုရရှိသူများအားဆုချီးမြှင့်ခြင်း အ ခမ်းအနားကိုမကွေးတက္ကသိုလ်မိုးလုံလေလုံအားကစားခန်းမတွင်ကျင်းပပြုလုပ်သည်။
    အဆိုပါပြိုင်ပွဲတွင် မကွေးတက္ကသိုလ်၊မကွေးပညာရေးကောလိပ်၊အခြေခံကျန်းမားရေးတက္ကသိုလ်၊ ပခုက္ကူတက္ကသိုလ်၊ ရေနံချောင်းဒီဂရီကောလိပ်ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ယနေ့ဗိုလ်လုပွဲတွင်မကွေးတက္ကသိုလ်နှင့် ပခုက္ကူတက္ကသိုလ်တို့ ယှဉ်ပြိုင်ကစားကြရာ ပခုက္ကူတက္ကသိုလ်အသင်းမှအနိုင်ရရှိသည်။
    ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကိုကျင်းပပြုလုပ်ရာ ဒုတိယဆုရရှိသော မကွေးတက္ကသိုလ်အသင်း အားဒုတိယပါမောက္ခဒေါ်က်တာသက်လွင်က နေရာအလိုက် အကောင်းဆုံးအားကစားဆုများလည်းကောင်း ပထမဆုရရှိသော ပခုက္ကူအသင်းအား မကွေးတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာအေးကျော်က ပထမတံခွန်စိုက်ဆု ဖလားအားချီး မြင့်ပေးခဲ့သည်။
၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့ ည (၈) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေး မြို့နယ်၊ မြင်ကွန်းရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ယင်းချောင်းအတွင်း အမျိုးသမီးငယ် တစ်ဦး ရေနစ်သေဆုံးကြောင်း ဖုန်းဖြင့်အကြောင်းကြားချက်အရ သွားရောက် စစ်ဆေးရာ သေဆုံး သူမှာ မကွေးမြို့နယ်၊ ကျွန်းပြတ် ကျေးရွာနေသူ မကလျာဖြိုး (၇)နှစ် ဖြစ်ပြီး ၄င်းသည် ညနေ (၄)နာရီအချိန်ခန့်က ရွာအနောက်ဘက် ရေအကျယ်(၅၀)ပေခန့်၊ အနက် (၆)ပေခန့်ရှိ ယင်းချောင်း ရေဆိပ်တွင် မိခင်ဖြစ် သူနှင့်အတူ ရေချိုးရာမှ ရေစီးသန်၍ ရေစီးနှင့်အတူ မျောပါကာ ရေနစ်သေဆုံး ခြင်းဖြစ်ပြီး ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိရကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် မကွေးမြို့နယ်၊ မိကျောင်းရဲနယ်မြေ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၅/၂၀၁၅) ဖြင့် အမှုရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့ နံနက်(၇)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက် ခရိုင်၊ အောင်လံမြို့နယ်၊ ဒုရင်္ဂဗိုလ် နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ညောင်ပင်ဆိပ် တိုက်နယ် ဆေးရုံတွင် လူတစ်ဦး ဓါတ်လိုက်သေဆုံး၍ ရောက်ရှိနေကြောင်း အကြောင်းကြားချက်အရ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ အောင်လံမြို့နယ်၊ ကျီရပ်ကုန်းကျေးရွာနေသူ မောင်စည်သူ (၃၄)နှစ် သည် နေအိမ်ရှိ ရေတွင်းသို့ သွား၍ မျက်နှာသစ်ရန် ရေတွင်းတွင် တပ်ဆင်ထားသော လျှပ်စစ် ရေမော်တာ ဓါတ်ကြိုးအား ကိုင်၍မီးပလပ်ထိုးစဉ် ဓါတ်လိုက်နေသည်ကို ၄င်း၏ ယောက္ခမ တော်စပ်သူ ဒေါ်ခင်ပြုံးရီ မှ မြင်ပြီး မိန်းခလုတ်ပိတ်ကာ အော်ဟစ်အကူအညီ တောင်းခံခဲ့ရာ ပတ်ဝန်းကျင် အိမ်နီးချင်းများ ရောက်ရှိ လာပြီး ညောင်ပင်ဆိပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် သေ ဆုံးခြင်း အကြောင်းရင်းမှန်အား သိရှိနိုင်ရန်အတွက် အောင်လံမြို့နယ်၊ ဒုရင်္ဂဗိုလ်နယ်မြေ ရဲစခန်း သေ မှုသေခင်း အမှတ်စဉ် (၈/၂၀၁၅) ဖြင့် အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့ ညနေ (၄း၀၅) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ မကွေးမြို့နယ်၊ မြင်ကွန်းရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မကွေး-တောင်တွင်းကြီး ကားလမ်း မိုင်တိုင် အမှတ် ၃၀၅/၂ နှင့် ၃၀၅/၃ အကြား ကန်နီရွာအနီးတွင် ဆိုင်ကယ်ပေါ်မှ အမျိုးသမီးတစ်ဦး ပြုတ်ကျ ဒဏ်ရာရရှိ၍ သစ်ရာကောက် တိုက်နယ်ဆေးရုံသို့ ရောက်ရှိ နေကြောင်း သတင်းအရ သွားရောက်စစ်ဆေး ရာ မကွေး-တောင်တွင်းကြီး ကားလမ်းအတိုင်း မကွေးဘက်မှ တောင်တွင်းကြီးဘက်သို့ မကွေးမြို့နယ်၊ ရှားဇောင်းကန် ကျေးရွာနေသူ တင်ဝင်းအောင် (၂၉)နှစ် မောင်းနှင်ပြီး နောက်မှ အဒေါ်ဖြစ်သူ နတ်မောက် မြို့နယ်၊ ထန်းပင်ချိုင့် ကျေးရွာနေ ဒေါ်ဌေးဌေး (၄၇)နှစ် လိုက်ပါလာသော ၃၁ယ/xxxxx၊ ကန်ဘို စတား- ၁၂၅ ဖြူနက်ရောင် ဆိုင်ကယ်သည် အရှိန်ပြင်းစွာ မောင်းနှင်လာစဉ် ဒေါ်ဌေးဌေးမှာ ပြုတ်ကျပြီး ဒဏ်ရာများ ဒဏ်ရာများ ရရှိ၍ ဆေးရုံတွင် ဆေးကုသနေစဉ် သေဆုံးသွားသဖြင့် ဆိုင်ကယ်မဆင်မခြင် မောင်းနှင်သူ တင်ဝင်းအောင်အား မကွေးမြို့နယ်၊ မိကျောင်းရဲနယ်မြေရဲစခန်း ယာဉ်(ပ)၁၆/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၄-က အရ အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

Saturday, July 25, 2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့ ညနေ (၅) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ ခရိုင်၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရမ်းကျေးရွာနေ မခင်မိုးဝေ(၃၅)နှစ်သည် နေအိမ်အောက်တွင် သားဖြစ်သူ ဆန်းလင်းထိုက်(၁ဝ)နှစ်နှင့်အတူရှိနေစဉ် မိုးများသည်းထန်စွာရွာသွန်းလာပြီး မိုးကြိုး လျှပ်ကွင်းထိမှန်ခဲ့၍ မခင်မိုးဝေ၏ မျက်နှာပြင်တစ်ခုလုံးနှင့် ခန္ဓာကိုယ်ညိုမဲဒဏ်ရာ၊ နှုတ်ခမ်းပြာ ဒဏ်ရာများရရှိပြီး ဆန်းလင်း ထိုက်တွင် ခန္ဓာကိုယ်ဝဲဘက်ခြမ်း ပူသည့်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိသဖြင့် အနီး ပတ်ဝန်းကျင်ရှိလူများမှ ဟံသာဝတီတိုက်နယ်ဆေးရုံသို့ပို့ဆောင်စဉ် ဆေးရုံသို့အရောက်၌ မခင်မိုးဝေမှာ သေဆုံးသွားခဲ့သဖြင့် မခင်မိုးဝေ သေဆုံးခြင်းရခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန်အတွက် ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၃/၂ဝ၁၅) အရ အမှုရေးဖွင့် ဆောင်ရွက် လျက် ရှိကြောင်း သတင်းရရှိပါသည်။
၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့ နေ့လည် (၁၂) နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မရဲစခန်းမှ ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်၊ 'ဂ'ကွင်း၊ (၃)လမ်းတွင် လူတစ်ဦး ဓါးကိုင် ရမ်းကားနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ အမှတ်(၃) ရပ်ကွက်နေ ခင်ဇော်(၄ဝ)နှစ်သည် အများပြည်သူဆိုင်ရာနေရာတွင် အများပြည်သူကြောက်ရွံ့ ထိတ်လန့်စေရန် အရိုး(၅)လက်မ၊ အသွား (၉)လက်မခန့်ရှိ ဓါးဦးချွန်(၁)ချောင်းကိုင်ဆောင်၍ ရမ်းကားနေသည်ကို တွေ့ရှိ၍ ခင်ဇော်အား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း(ပ)၃၁ဝ/၂ဝ၁၅၊ လက်နက် ဥပဒေ ပုဒ်မ ၁၉(င)အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
 

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ ည (၁၁) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင် ၊ ရေနံချောင်းမြို့၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မြို့မမြောက် ရပ်ကွက်အတွင်း လှည့်ကင်းတာဝန်ဆောင်ရွက်စဉ် မြို့မမြောက်ရပ်ကွက်၊ ချမ်းသာကြီးရပ်ရှိ ဓမ္မာရုံ အနီးတွင် မသင်္ကာဖွယ်လူ(၂)ဦးအား MONISA ၁၂၅ ဖားဘီး၊ နံပါတ်မပါ ဆိုင်ကယ် တစ်စီးနှင့် သော့တစ်ချောင်း၊ ဆင်းကဒ်(၂)ခုပါ MODEL Number G 6203 ULOOHONOR အမျိုးအစား အဖြူရောင်ဟန်းဆက် ၁ လုံး ၊ ခေါက်ပိုက်ဆံအိတ်အညိုရောင်တွင် ငွေစက္ကူရောရာ ၃၉,၇၅ဝိ/-တို့နှင့် အတူတွေ့ရှိရသဖြင့် ၎င်းတို့အား စစ်ဆေးခဲ့ရာ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းကျေးရွာနေ စိုးသန်း(၂၈) နှစ်နှင့် တစ်ရွာတည်းနေ မိုးနှင်းဦး (၂၉)နှစ်တို့ ဖြစ်ကြောင်းသိရှိရပြီး ၄င်းတို့ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိသဖြင့် အခြားနေအိမ် အဆောက်အဦ တစ်ခုခု အတွင်းမှ ခိုးယူလာသည်ဟု မသင်္ကာဖွယ်တွေ့ရှိ၍ စိုးသန်းနှင့် မိုးနှင်းဦးတို့အား ရေနံချောင်းမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၁၇/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာပုဒ်မ ၃၈ဝ/ကျင့် ၅၄ အရ လည်းကောင်း၊ 

ဆက်လက်၍ အမှုမှတရားခံ စိုးသန်း(၂၈)နှစ်နှင့် တစ်ရွာတည်းနေ မိုးနှင်းဦး(၂၉)နှစ်တို့အား စစ်ဆေး ခဲ့ရာ ၂၁ယ/xxx ၊ ကန်ဘို-၁၂၅ အပြာမီးခိုးရောင်ဆိုင်ကယ်(၁)စီး၊ သော့(၂)ချောင်း၊ ဆိုင်ကယ် မှတ်ပုံတင်စာအုပ် ၊ ပရီမီယံစာအုပ်၊ ဝှီးတက်ကဒ်ပြား(၁)ခုတို့အား ရေနံချောင်းမြို့၊ မြို့မမြောက်သပြေ (၂) ရပ်ကွက်နေ ဦးရီစိုးထံသို့ ငွေ-၁ဝဝ,ဝဝဝိ/-ဖြင့်ပေါင်နှံထားကြောင်း သိရှိရ၍ အဆိုပါ ပစ္စည်းများအား သိမ်းဆည်းရ မိသော်လည်း ၄င်းတို့ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာ ပြသ နိုင်ခြင်းမရှိသဖြင့် အခြား တစ်နေရာရာမှခိုးယူလာသည်ဟု မသင်္ကာဖွယ်တွေ့ရှိ၍ စိုးသန်းနှင့် မိုးနှင်းဦး တို့အား ရေနံချောင်းမြို့နယ်၊ မြို့မရဲစခန်း(ပ)၁၁၈/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈ဝ/ကျင့် ၅၄ အရ အမှုရေးဖွင့် ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိပါသည်။



၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့ ညနေ (၅း၁၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင် ၊ တောင်တွင်းကြီးမြို့နယ်၊ ကုက္ကိုခွကျေးရွာအနောက်ဘက် တောင်တွင်းကြီး-မကွေးကားလမ်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ တောင်တွင်းကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

တောင်တွင်းကြီးဘက်မှ မကွေးဘက်သို့ တောင်တွင်းကြီးမြို့နယ်၊ ဆုံစုကျေးရွာနေ ဝင်းဇော်(၃၅)နှစ် သည် ၃၄ယ/xxx ၊ ရင်းဇင်း-၁၂၅ အပြာရောင်ဆိုင်ကယ်နောက်တွင် တစ်ရွာတည်းနေ ဟိန်းဇော် (၂၁)နှစ်အား တင်ဆောင်မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် ၂၉၂/ဝ အနီးအရောက်တွင် လမ်းဖြတ် ကူးသူ တောင်တွင်း ကြီး မြို့နယ်၊ ကုက္ကိုခွကျေးရွာနေ ဒေါ်တင်မာ (၄၅)နှစ်အား ဝင်ရောက်တိုက်မိရာ ဝင်းဇော်တွင် ဝဲခြေသလုံး /ဒူး၊ မေးစေ့၊ နှာခေါင်း၊ ယာပါးပွန်းပဲ့ဒဏ်ရာ၊ ဟိန်းဇော်တွင် ဝဲပါး/ လက်မောင်း၊ ယာလက်ဖျံပွန်းပဲ့ ဒဏ်ရာနှင့် ဒေါ်တင်မာတွင် ဦးခေါင်းနောက်စေ့ ဖူးရောင်ဒဏ်ရာ၊ ဝဲဒူး ပွန်းသည့်ဒဏ်ရာများရရှိခဲ့သဖြင့် ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ဝင်းဇော်အား တောင်တွင်းကြီး မြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၆၈/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၈/၃၃၇ အရ အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 ဒေါ်တင်မာအား တောင်တွင်းကြီးပြည်သူ့ဆေးရုံတွင် ကုသနေရာမှ မသက်သာ၍ နေပြည်တော် ဆေးရုံသို့ လွဲပြောင်း ကုသရန် သွားရောက်စဉ် ၁၉၃ဝ အချိန် လမ်းတွင်သေဆုံးသွားကြောင်း သိရှိရ၍ တောင်တွင်း ကြီး မြို့မရဲစခန်း ယာဉ် (ပ) ၆၈/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃၃၈/၃၃၇ မှ ပြစ်မှုပုဒ်မ ၃ဝ၄-က သို့ ပြောင်းလဲစစ်ဆေး လျှက်ရှိကြောင်း သတင်းရရှိပါသည်။



၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့ ညနေ (၃) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ ခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ရေရှင်မ ကျေးရွာအနီး ကလေး-ဂန့်ဂေါ သွားကားလမ်း မိုင်တိုင်အမှတ် ၁၈/၆ နှင့် ၁၈/၇ ကြားတွင် ကလေးမြို့မှ ဂန့်ဂေါမြို့သို့ ဂန့်ဂေါမြို့နယ်၊ မဲကျေးရွာနေ မင်းနိုင်(၂၉)နှစ် မောင်းနှင်ပြီး နောက်မှ တစ်ရွာတည်းနေ ဇနီးဖြစ်သူ မအေးအေးဝင်း(၂၅)နှစ် စီးနင်းလိုက်ပါလာသော နံပါတ်မပါ NEW ANBO-125 အနက်ရောင်ဆိုင်ကယ်သည် လမ်းအလယ်၌ ဂန့်ဂေါဘက်မှ ကလေး မြို့ဘက်သို့ ဂန့်ဂေါ မြို့နယ်၊ မြင်သားကျေးရွာနေ ဦးငွေ (၅၂) နှစ် NEW ANBO-125 အနက်ရောင် ဆိုင်ကယ်တို့ မျက်နှာချင်း ဆိုင် တိုက်မိ၍ ဦးငွေသည် ယာမျက်လုံးအောက်ပေါက်ပြဲ၊ အပေါ်နှုတ်ခမ်း ပေါက်ပြဲ၊ ဝမ်းဗိုက်ပွန်း ဒဏ်ရာဖြင့် ဂန့်ဂေါဆေးရုံတွင် သေဆုံးသွားပြီး မင်းနိုင်နှင့် မအေးအေးဝင်း တို့တွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ဦးငွေနှင့် မင်းနိုင် တို့အား ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေ ရဲစခန်း ယာဉ် (ပ)၁၁/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က/ ၃၃၇/ ၃၃၈ အရ အမှုရေးဖွင့် ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိပါသည်။

Friday, July 24, 2015


မကွေး  ဇူလိုင်   ၂၄
    မကွေးမြို့ ကန်သာရပ်ကွက်၊ အထက-၁လမ်းနှင့်မကျီးပင်လမ်းထောင့် အေးစေတီဘုရားအနီးတွင် ရှိသော အမြင့်(၁၅)ပေ၊ လုံးပတ်(၄)ပေခန့်ရှိသော ထနောင်းပင်ကြီးသည် ယမန်နေ့ ညနေ(၃)နာရီခန့်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်သဖြင့် ကျိုးကျခဲ့ပြီး ထနောင်းပင်အောက်တွင် ရပ်နားထားသော ယာဉ်မောင်း ဦးတင်ဝင်း၏ (၄ဟ/၅၂၇၅) သုံးဘီးယာဉ်ပေါ်သို့ ပိကျ လမ်းပိတ်ဆို့မှုဖြစ်ခဲ့ပါသည်။
    အဆိုပါ လမ်းပိတ်ဆို့နေသည့် ထနောင်းပင်ကြီးအား မကွေးတိုင်းဒေသကြီး တိုင်းဦးစီးမှူး ဦးအောင်ဝင်းစိန်ဦးဆောင်သည့် မကွေးမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်(၁၂)ဦး၊ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီးဖြင့်သွားရောက်ပြီး သုံးဘီးပေါ်တွင် ကျိုးကျနေသော ထနောင်းပင်ကြီးအား ရှာဖွေကယ်ဆယ်ရေးပစ္စည်း (chain Saw)များ အသုံးပြု၍ ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်းသိရသည်။ ယင်းထနောင်းပင်ကြီးကျိုးကျမှု အတွက် ထိခိုက်၊ ဒဏ်ရာရမှုများမရှိကြောင်းနှင့် ပြည်သူများ အန္တရာယ်ကင်းရှင်းစွာသွားလာလျက်ရှိကြောင်း သိရသည်။

မြို့သစ်   ဇူလိုင်၂၃
မကွေးခရိုင် မြို့သစ်မြို့နယ်တောင်တွင်း  မြို့သစ်-နတ်မောက် ကားလမ်းနှင့် ရထားလမ်းဆုံဘေးတွင်
မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့်ကုလားကင်ပွန်းပင်  လုံးပတ် ၅ပေခွဲခန့်သစ်ပင်မှာအောက်ခြေမှ အမြစ်လန်ကာဇူလိုင်လ၂၃ ရက်နေ့  နံနက် ၉း၂၀  ခန့်ကပြိုလဲ ခဲ့ကြောင်းသိရှိရသည်။
အဆိုပါသစ်ပင်ပြိုလဲသောသတင်းသိရှိပြီးနောက် ကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှုးဦးတင်ဝင်း၏ သတင်းပေးချက်အရမြိုနယ် မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှုးဦးသောင်းတင်နှင့် တပ်ဖွဲ့ဝင် ၁၅ဦးနှင့်ကွက်သစ်ရပ်ကွက် အတွင်းရှိပြည်သူများခရီးသွားများကကူညီရှင်းလင်းဖယ်ရှာပြီး သစ်ပင်၏ကိုင်းကြီးများကို မီးသတ်ဦးစီးဌာနရှိ ကယ်ဆယ်ရေးအဖွဲ့များ၊ မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့ဝင်များ၊ က ဝိုင်းဝန်းလုပ်ကိုင်ဆောင်ရွက်မှုများကြောင့် ၁၁း၀၀နာရီခန့်ကအဆိုပါ သစ်ပင်အားရှင်းလင်းပေးခဲ့ရာ ခရီးသွားပြည်သူများအဆင်ပြေသွားလာနိုင်ခဲ့ပါသည်။
သစ်ပင်ခုတ်ထွင်းသောကိုင်းများကိုသက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့နှင့် သစ်တောဦးစီးဌာနသို့မီးသတ်ဦးစီးမှုးနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှုးတို့ကအပ်နှံပေးခဲ့ကြောင်းသတင်းရှိသည်။
                         ဇော်ဇော်(  မြို့သစ်  )

ငဖဲ    ဇူလိုင်   ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပင်ဦးကျေးရွာအုပ်စု၊ လေးအိမ်စုကျေးရွာတွင် မွေးမြူရေး၊ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ၀ါးအခြေခံလက်မှုထည် သင်တန်းအား ဇူလိုင်၂၂ရက်နေ့မှ၃၁ရက်နေ့ထိ(၁၀) ရက်ကြာသင်တန်းဖွင့်လှစ် ကျင်းပမည်ဖြစ်သည်။
ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးလှပြုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းဇော်တို့မှ အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီးနောက် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန နည်းပြ(၂)ဦးမှ သင်တန်းသား/သူ(၃၀)ဦး အား ဆက်လက်သင်တန်းပို့ချခဲ့ကြောင်းသိရှိရသည်။
   ဆိပ်ဖြူ ဇူလိုင် ၂၃
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့ နယ် ကူရှည်ကျေးရွာအုပ်စု အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ဇူလိုင်လ ၂၂ရက်နေ့ နံနက်(၉) နာရီ အချိန်တွင် စားသုံးသူ အကာအကွယ်ပေးရေး အသိပညာပေး နှင့်သဘာဝ ဘေးအန္တရယ် တာဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်သည်။
အခမ်းအနာတွင်ကူရှည်အ.ထ.က(ခွဲ)ကျောင်းအုပ်ဆရာမကြီးကပြောကြားခဲ့သည်။ မြိုနယ်ပြန်ကြာရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့ နယ်ဦးစီးမှူး ဦးမျိုးမြင့်အောင်က သဘာဝဘေးအန္တရယ် သိပညာပေးနှင့် စာဖတ်သူ တိုးပွားရေး အသိပညာများကို ပြောကြားခဲ့ပြီး ကုန်သွယ်မှုမြှင့် တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသန်မြင့်ထွန်းက စားသုံးသူ အကာအကွယ်ပေးရေးအသိပညာများ ဟောပြောပေးခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မှပြသသည့် နံရံကပ်၊ဓါတ်ပုံ ပြပွဲ နယ်လှည့်စာကြည်တိုက်မှစာအုပ်များကို ကျောင်းသား/ကျောင်းသူတို့  က လေ့လာဖတ်ရှုခဲ့သည်။
ဆက်လက်၍ မွန်းလွှဲ (၂) အချိန်တွင် တမ္မကောက်ကျေးရွာ အလယ်တန်း ကျောင်းတွင် အသိပညာများ ပြောပေးခဲ့သည်။စားသုံးသူ အကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲ သို့ အ.ထ.က(ခွဲ)ကူရှည်မှ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ဆရာမ များ ကျောင်းသားကျောင်းသူများ ၊ တမ္မကောက် အလယ်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမ များကျောင်းသား ကျောင်းသူများ ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲကြောင်းသိရှိ ရသည်။
  
သရက် ဇူလိုင် ၂၄
    မကွေးတိုင်းဒေသကြီး သရက်မြို့၌ ဒုတိယအကြိမ် ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများနှင့် အလှူရှင်များ စုပေါင်း၍သရက်မြို့ပေါ်ရှိ ၀ါဆိုသံဃာ((၁၇၂)ပါးအား  ၀ါဆို သင်္ကန်းကပ်လှူခြင်း အခမ်းအနားကို ယနေ့ နံနက်(၈)နာရီက သတ္တဌာန ဘုရား သာသနာ့ ဗိမ္မာန်တော်အတွင်း ကျင်းပရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်  မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်လှိုင်နှင့် ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊အလှူရှင်များ တက်ရောက် လှူဒါန်းခဲ့သည်။
အဆိုပါ အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆို ဖွင့်လှစ်ပြီး မြို့နယ် သံဃနာယကဥက္ကဌဘာဝနာ  ကျောင်းတိုက်ဆရာတော် ဘဒ္ဒ န္တကေသ၀ထံက(၉)ပါးသီလခံ ယူဆောက်တည် ခဲ့ကြပြီး ကြွရောက်လာသည့်    ဆရာတော် သံဃာတော် များမှ ပရိတ်တရားတော်များ ရွတ်ဖတ် ပူဇော်ပေးခဲ့သည်။
    ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင် က ၀ါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းခြင်းပတ်သက်၍ သာသနာရေးရာများဆောက်ထားပြီးတက်ရောက်လာသည့်ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြိးအကဲများ၊ အလှူရှင်များနှင့်အတူ ၀ါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တု အစုစုတို့အား ဆပ်ကပ်လှူဒါန်းပေးခဲ့သည်။ ယင်းနောက် မြခဲတောင် ကျောင်းတိုက်ဆရာတော် ဘဒ္ဒ န္တ သီလ၀ထံမှ အနုမောဒနတရားနာယူပြီး အလှူမင်္ဂလာ အစုစုအတွက်    ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။ သရက်မြို့ပေါ်ရှိ ၀ါဆိုသံဃာ (၁၇၂)ပါး အတွက် ၀ါဆိုသင်္ကန်းနှင့် အလှူငွေ  လှူဒါန်းမှု့မှာ(၁၇)သိန်း (၈)သောင်း(၉)ထောင် လှူဒါန်းခဲ့ကြောင်းသိရသည်။
 ဇော်ထက်(သရက်)
ဂန့်ဂေါ ဇူလိုင် ၂၃
    ဂန့်ဂေါမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲအတွက် လုပ်ငန်းစဉ်များညှိနှိုင်းဆောင်ရွက်ရန် အစည်းအဝေးကို ဇူလိုင် ၂၂ ရက်နံနက်က မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
    အဆိုပါလုပ်ငန်းစဉ်များ ညှိနှိုင်းဆောင်ရွက်ရန် အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဌ ဦးရာတင်က အဖွင့်အမှာစကားပြောကြား၍ အဖွဲ့ခွဲဝင်များက ကဏ္ဍအလိုက်လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြကာ ဂန့်ဂေါမြို့နယ်ရှိ နိုင်ငံရေးပါတီများမှ တက်ရောက် လာကြသူများ၏ ဆွေးနွေးတင်ပြချက် များကို ပြန်လည်ဖြေကြား ဆွေးနွေးကြကြောင်း သိရသည်။

မကွေး     ဇူလိုင်     ၂၄
မကွေးတိုင်းဒေသကြီးတွင် ၂၀၁၅-ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ(၅၆၈၇၂)ဦးရှိသည့်အနက် (၂၃၂၃၉)ဦးအောင်မြင်ခဲ့ပြီးအောင်ချက် ရာခိုင်နှုန်း(၄၀ ၈၆)ရာခိုင်နှုန်းရရှိကာ မြန်မာတစ်နိုင်ငံလုံးတွင် တတိယရရှိခဲ့သည်။
နှစ်စဉ်ကျင်းပမြဲဖြစ်သည့်  အစိုးရအဖွဲ့ဝန်ကြီးချုပ်၏  ၂၀၁၅-ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန် စွာအောင်မြင်ခဲ့ကြသောကျောင်းသား ကျောင်းသူများနှင့် အောင်ချက် အကောင်းဆုံးဆုရကျောင်း များအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေနှင့်အတူ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တိုင်းဒေသကြီး ခရိုင် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ် များ  ကျောင်းအုပ် ဆရာကြီး ဆရာမကြီးများ၊ဆရာ/ဆရာမများ မိဘပြည်သူများနှင့် ကျောင်းသား ကျောင်းသူ များ တက်ရောက်ခဲ့ ကြသည်။
ရှေးဦးစွာ မကွေးအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသား ကျောင်းသူများက  မြန်မာ့ကျောင်း သီချင်းဖြင့်သီဆိုဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီး ၀န်ကြီးချုပ်ကအမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာအဲဒီနိုင်ငံရဲ့ပညာရေးဖွံ့ဖြိုးမှုအပေါ် များစွာမူတည်ပါကြောင်း၊ နိုင်ငံ တိုင်းမှာ ပညာရေးကို ရှေ့တန်းတင်၍ဆောင်ရွက်လျက်ရှိကာ နည်းပညာဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှု အကျိုးရလဒ်ကြောင့် အံ့မခန်းဆန်းကျယ်ပြီး စွမ်းရည်မြင့်မားတဲ့ပစ္စည်းများဟာ တစ်နေ့တစ်ခြား တိုးတက်ပွားများနေတာကိုပြည်သူများ မျက်မြင်ကိုယ်တွေ့ဖြစ်ပါကြောင်း၊ကျောင်းသားကျောင်းသူများရဲ့ ပညာအရည်အသွေးမြင့်မားရန် ဆရာဆရာမများ၊ကျောင်းသားမိဘများ၊ရပ်ကွက်ကျေးရွာ မြို့နယ်/ခရိုင်/ တိုင်းဒေသကြီးအလိုက်တာဝန်ယူအုပ်ချုပ်သူများသက်ဆိုင်ရာ တက္ကသိုလ်/ကောလိပ်ရှိဆရာ/ ဆရာမများ၊ စေတနာရှင်မိဘများပညာရေးဌာနမှအဆင့်ဆင့်တာဝန်ရှိသူများ၊NGO .INGO အဖွဲ့များပူးပေါင်းပြီး အမျိုးသားရေးစိတ်ဓာတ်ဖြင့် ဆောင်ရွက်ကြမှသာကျောင်းသား ကျောင်းသူများရဲ့ ပညာအရည်အသွေး များထူးချွန်ထက်မြက်ပြီး တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားကာ ဂုဏ်ထူးများရရှိနိုင်မှာ ဖြစ်ပါကြောင်း စည်ဖြင့်တိုက်တွန်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဦးမြင့်သိန်းမှဆုချီးမြှင့်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ၂၀၁၅-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူချွန်ဆုချီးမြင့်ခြင်း ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေမှ အောင်ချက်အကောင်းဆုံးကျောင်း(၃) ကျောင်းဖြစ်သည့် မြို့သစ်မြို့နယ် အထက(၀ါးကြီးအိုင်)၊မကွေး အထက(၃)နှင့်ပွင့်ဖြူမြို့နယ် အထက (ကုန်းဇောင်း) ကျောင်း များအား ဆုချီးမြှင့်ပေးအပ်ခဲ့ပြီး၊ (၆)ဘာသာဂုဏ်ထူးရှင် (၂၆)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၉၆)ဦး၊သိပ္ပံဘာ သာတွဲ ထူးချွန်ဆု(၁၂)ဦး၊၀ိဇ္ဇာဘာသာတွဲ ထူးချွန်ဆု(၁၃)ဦးနှင့် ၀ိပ္ပံဘာသာတွဲ ထူးချွန်ဆု(၁၁)ဦးတို့အား တာဝန်ရှိသူမှ ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။
၎င်းနောက်ထူးချွန်ကျောင်းသား ကျောင်းသူများကိုယ်စား (၆)ဘာသာဂုဏ်ထူးရှင် မောင်ရှင်းခန့် အောင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး မကွေးအမှတ်(၄)အခြေခံပည်အထက်တန်းကျောင်း မှကျောင်းသားကျောင်းသူလေးများက ဇာတိမာန် သီချင်းဖြင့်အခမ်းအနားရုပ်သိမ်းခဲ့သည်။
အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကျောင်းသား ကျောင်းသူများနှင့်မိဘများအား  ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်အားပေးခဲ့ကြောင်းသိရသည်။
ရေနံချောင်း        ဇူလိုင်        ၂၄    မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်တွင် တောင်သူပညာပေးဆွေးနွေးပွဲကို စိန်ပန်းပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဇူလိုင် ၂၃ရက်နေ့က ကျင်းပကြောင်းသိရသည်။
    အဆိုပါဆွေးနွေးပွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးမှူးဦးသိန်းလွင်က မိုးခေါင်ရေရှားဒေသများတွင် နွားစာရှားပါးမှုကို ဖြေရှင်းနိုင်ရန်အတွက် နေပီယာမြက်စိုက်ပျိုးနည်းနှင့် အသုံးဝင်ပုံများ၊ မိုးသီးနှံနှင့် ရာသီသီးနှံတို့ ရောနှောစိုက်ပျိုးခြင်း အကြောင်းအရာများကိုလည်းကောင်း၊ တိုင်း သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်မော်မော်ဝင်းက သီးနှံများကာကွယ်ရေးလုပ်ငန်းစဉ်များဖြစ်သည့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ၊ သာမန်ကာကွယ်ခြင်းနှင့် ကာကွယ်နှိမ်နှင်းခြင်း အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်ပြီးတိုင်းမျိုးစေ့တာဝန်ခံ ဒေါ်မီမီချိုက မျိုးကောင်းမျိုးသန့်သုံးစွဲရေးနှင့်တိုင်းမြေအသုံးချရေးတာဝန်ခံ ဒေါ်ခင်မာသန်းက မြေဆီလွှာတိုင်းတာနည်းနှင့်
မဆီလွှာထိန်းသိမ်းနည်း အကြောင်းအရာများကို ဟောပြောဆွေးနွေးကြသည်။
    ဟောပြောပွဲအပြီးတွင် ဆွေးနွေးဟောပြောသူများက တောင်သူဦးကြီးများအား ဥာဏ်စမ်းမေးခွန်းများ မေးမြန်းဆွေးနွေးကြရာ ဖြေဆိုနိုင်သူတောင်သူများအား GCC Co;Ltdနှင့် မြန်မ့ာရွှေနဂါးစိုက်ပျိုးရေး စွမ်းအားစုတို့က မေတ္တာလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။ အဆိုပါဟောပြောပွဲသို့ စိန်ပန်းပင်အုပ်စု၊ ဖိုးကိုးအုပ်စု၊ကမ္မအုပ်စုနှင့် ရွှေတုတ်ကုန်အုပ်စု တို့မှ တောင်သူဦးကြီး ၂၀၀ ကျော်နှင့် မြို့နယ်စိုက်ပျိုးရေးဦးဌာနမှ ဦးစီးမှူးနှင့် ၀န်ထမ်း များတက်ရောက်ခဲ့ကြကြောင်းသိရသည်။                                    မွန်မွန်
နတ်​​မောက်​                ဇူလိုင်​၂၃
မ​ကွေးတိုင်း​ဒေသကြီးနတ်​​မောက်​မြို့လူမှုကူညီ​ရေးအသင်းအား အလှူ​ငွေ​ပေးအပ်​ပွဲအခမ်းအနားကို ဇူလိုင်​၂၃ရက်​မွန်းလွဲ၁နာရီက မြို့နယ်​စိတ်​ဓာတ်​ဖြူစင်​ကရုဏာရှင်​များလူမှုကူညီ​ရေးအသင်းရုံး တွင်​ကျင်းပသည်​။
အဆိုပါအခမ်းအနားတွင်​မြို့နယ်​အုပ်​ချုပ်​​ရေးမှူးဦး​ဌေး​အောင်​မှ အဖွင့်​အမှာစကား​ပြောကြားပြီး မြို့နယ်​လူမှုကူညီ​ရေးအသင်းအားလှူဒါန်း​ပေးခဲ့​သော အငြိမ်းစားသံအမတ်​ကြီးဦးတင်​ဦးမှ နတ်​​မောက်​မြို့လူမှုကူညီ​ရေးအသင်းကြီးအားအလှူ​ငွေ​ပေးရခြင်း၏ ရည်​ရွယ်​ချက်​များကိုအကျယ်​တဝန်း​ပြောကြားခဲ့သည်​။ထို့​နောက်​အလှူရှင်​အငြိမ်းစားသံအမတ်​ကြီးဦးတင်​ဦးမှမြို့နယ်​စိတ်​ဓာတ်​ဖြူစင်​ကရုဏာရှင်​လူမှုကူညီ​ရေးအသင်းအားအလှူ​ငွေ(၁၀)သိန်းကျပ်​၊ဓမ္မစကူးလ်​​ကျောင်းအတွက်​အလှူ​ငွေ(၁)သိန်းကျပ်​နှင့်​​ကျောင်းသား\သူသင်​တန်းအ​ထောက်​အကူပြုဗလာစာအုပ်​များအားလူမှုကူညီ​ရေးနှင့်​ဓမ္မ​ကျောင်း​တော်​ဖြစ်​​မြောက်​​ရေး​ကော်​မတီဥက္ကဌဦးဥာဏ်​ရှိန်​အားလွှဲ​ပြောင်းလှူဒါန်း​ပေးခဲ့​ကြောင်းသိရသည်​။အခမ်းအနားသို့တက်​​ရောက်​လာကြ​သောလူမှုကူညီ​ရေးအသင်းမှအဖွဲ့ဝင်​များနှင့်​လူမှု​ရေးကုသိုလ်​ရှင်​လူငယ်​​မောင်​မယ်​​လေးများ၏စိတ်​ကူးစိတ်​သန်းများကိုတစ်​ဦးချင်​စီအကြံပြု​ဆွေး​နွေးတင်​ပြခဲ့​ကြောင်းသိရသည်​။           လှဝင်း
၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ မွန်းလွဲ (၂) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မယ်ဇလီပင်ကုန်း ကျေးရွာ မြောက်ဘက် (၄)ဖာလုံခန့်အကွာရှိ လယ်ကွင်းသို့ ရေသွင်းသော အနက်(၁၀)ပေ ခန့်ရှိ အင်းအတွင်း ကလေးငယ် တစ်ဦး ရေနစ်သေဆုံးကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ ပခုက္ကူမြို့နယ်၊ နန်းတော်ရပ် ကျေး ရွာနေသူ မောင်ရဲရင့်ဖြိုး (၁၃)နှစ်သည် သူငယ်ချင်းများနှင့်အတူ ၄င်းအင်းအတွင်း သို့ ရေဆင်းချိုး ရာမှ ရေနစ်သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသဖြင့် သေဆုံးခြင်း အကြောင်းရင်းမှန်အား သိရှိနိုင်ရန်အတွက် ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁၅/၂၀၁၅) ဖြင့် အမှုရေးဖွင့် ဆောင်ရွက် လျှက်ရှိ ကြောင်း သတင်းရရှိပါသည်။

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ နံနက် (၆း၄၅)နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ ခရိုင်၊ ပခုက္ကူမြို့နယ်၊ ကမ္မနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ပခုက္ကူမြို့နယ်၊ ကန်ပေါက်စု ကျေးရွာတွင် လူတစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း သတင်းအရ အခင်းဖြစ်အရပ်သို့ သွားရောက် စစ်ဆေးရာ ပခုက္ကူမြို့နယ်၊ ကန်ပေါက်စုကျေးရွာနေသူ အောင်ကိုမင်း (၃၀)နှစ်သည် အရက်အလွန် အကျွံသောက်ပြီး အရက်ကြောင်ကြောင်ကာ ၄င်းအိမ်ရှေ့ မြေပြင်နှင့်အမြင့် (၇)ပေခန့်ရှိ ၀ါးထုပ်တန်း တွင် ပုဆိုးအား ကြိုးကွင်းပြုလုပ်ပြီး ကြိုးဆွဲချသေဆုံးနေကြောင်း တွေ့ရှိရသဖြင့် သေဆုံးခြင်း အကြောင်းရင်းမှန်အား သိရှိနိုင်ရန် အတွက် ပခုက္ကူမြို့နယ်၊ ကမ္မနယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၃/၂၀၁၅)ဖြင့် အမှုရေးဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိ ပါသည်။

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ ညနေ(၆) နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့်ကင်းတာဝန် ဆောင်ရွက်နေစဉ် ဆိပ်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်နေသူ သိန်းဇော်လင်း (၃၇)နှစ်သည် ရပ်ကွက်အတွင်း အရက်သောက်စားမူးယစ်ပြီး အရိုး(၄)လက်မ၊ အသွား(၆)လက်မ၊ ဗျက်(၁)လက်မခန့်ရှိ ဓါးမြှောင်အား ကိုင်ဆောင်ကာရမ်းကားနေသည်ကို တွေ့ရှိ ရသဖြင့် သိန်းဇော်လင်း အား ဆိပ်ဖြူမြို့နယ်၊ မြို့မရဲစခန်း(ပ)၅၀/၂၀၁၅၊ လက်နက် ဥပဒေပုဒ်မ ၁၉(င) အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိ ကြောင်း သတင်းရရှိပါသည်။

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ နံနက် (၁၁း၄၅)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များနှင့် မကွေးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့ သည် သက်သေ များနှင့်အတူ မကွေးမြို့၊ ချမ်းမြေ့သာယာ ရပ်ကွက် အတွင်း ခိုး၊ ဆိုး၊ နှိုက်သတင်း စုံစမ်းနေစဉ် ချမ်းမြေ့ သာယာရပ်ကွက်နေသူ ဇော်မျိုးထက်(ခ)ငမျိုး (၂၂)နှစ်သည် ဟမ်းဆက်များ အား လိုက်လံ ရောင်း ချနေကြောင်း သတင်းအရ ဇော်မျိုးထက်(ခ)ငမျိုးအား ဦးခင်ထွန်း လ္ဘက်ရည်ဆိုင်ရှေ့ လမ်းပေါ်တွင် တွေ့ရှိ စစ်မေးရာ ၄င်းထံမှ HUAWEI G510\0200 အနက်ရောင် ဟန်းဆက်(၁)လုံး (တန်ဘိုး-၅၀၀၀၀ိ/-ခန့်) အား တွေ့ရှိရပြီး ဟန်းဆက်နှင့်ပတ်သက်၍ ၄င်းပိုင်ဆိုင် ကြောင်း ခိုင်လုံသော အထောက်အထား တစ်စုံတစ်ရာ ပြောဆိုနိုင်ခြင်း မရှိသဖြင့် တစ်နေရာရာမှ ခိုးယူလာသည်ဟု မသင်္ကာသဖြင့် ဇော်မျိုးထက် (ခ)ငမျိုးအား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ) ၂၆၆/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


Find Us on Facebook

Popular Posts

Video