မကွေး၊ ၂၀၁၅ ခုနှစ် ၊ မတ်လ (၃၁) ရက်
ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်(၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို (၃၁.၃.၂၀၁၅) ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ခန်းမ၌ စတင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးရဲမြင့်၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၅၉)ဦးတက်ရောက်၍ (၈၆.၇၉) ရာခိုင်နှုန်းတက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာ ပါသည်။
ဆက်လက်ပြီး ဧရာဝတီတံတား(ပခုက္ကူ) တည်ဆောက်ရာတွင် ပါဆုံးခဲ့ရသော မြေယာနှင့် သီးနှံပျက်စီးမှု၊ ယာမြေပေါ်တွင် ကွန်ကရစ်တုံးကြီးများ ဖယ်ရှားမပေးသဖြင့် (၃)နှစ်ကြာ စိုက်ပျိုးခြင်း မပြုရသည့် သီးနှံလျော် ကြေးများ ပေးချေနိုင်ရေးအတွက် နိုင်ငံတော်သမ္မတထံ ၂၀၁၃ ခုနှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၆၈(ခ)အရ ပေးပို့သည့် သဝဏ်လွှာ ကို လွှတ်တော်ဥက္ကဋ္ဌမှ လွှတ်တော်သို့ ဖတ်ကြားတင်ပြပါသည်။
လွှတ်တော်အစည်းအဝေးတွင်ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုကိုလွှတ်တော်ကိုယ်စားလှယ်(၃)ဦးက မေးမြန်းပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီး(၃)ဦးမှ ပြန်လည်ဖြေကြားပါသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် တံတား တည်ဆောက်ရေး အထူးအဖွဲ့(၄)နှင့် (၁၃)တို့မှ ဆောင်ရွက်သည့် တံတား(၁၀)စင်းတည်ဆောက်မှု လုပ်ငန်းအား မကွေးတိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းအဖွဲ့ စိစစ် တွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာကိုမှတ်တမ်းတင်ကြောင်း ကြေညာပြီးမကွေးတိုင်းဒေသကြီးလွှတ်တော် ပြည်သူ့
ငွေစာရင်းအဖွဲ့ တာဝန်ပြီးဆုံးကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ လွှတ်တော်သို့ ကြေညာပါသည်။
၎င်းနောက် မကွေးတိုင်းဒေသကြီး ဇာတ်ရုံများကြီးကြပ်ရေးဆိုင်ရာ ဥပဒေကြမ်း တစ်ရပ်လုံးကို လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်သည့်အတိုင်း အတည်ပြုပေးရန် မကွေးတိုင်း ဒေသကြီးလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌက အဆို တင်သွင်းပြီး ထီးလင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်က ထောက်ခံ၍ ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး လွှတ်တော်၏ သဘောထားရယူကာ လွှတ်တော်ဥက္ကဋ္ဌမှ အတည်ပြုကြောင်း ကြေညာပါသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး တိရစ္ဆာန်မွေးမြူရေးနှင့် စနစ်တကျထိန်းကျောင်းရေး ဥပဒေကြမ်းတစ်ရပ်လုံးကို လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်သည့်အတိုင်း အတည်ပြုပေးရန် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌက အဆိုတင်သွင်းပြီး ဆင်ပေါင်ဝဲမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်စိုးက ထောက်ခံ၍ ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး လွှတ်တော်၏ သဘောထားရယူကာ လွှတ်တော်ဥက္ကဋ္ဌမှ အတည်ပြုကြောင်း ကြေညာပါသည်။
ထို့နောက် ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ကို (၁၀၄၅)အချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
ညီညီမောင်