Wednesday, November 28, 2018


မကွေး၊ နိုဝင်ဘာလ ၂၇ ရက်
၂၀၁၈ နိုဝင်ဘာလ ၂၇ ရက်နေ့ညတွင် သရက်ခရိုင်၊ မင်းလှမြို့နယ်၊ မီးလောင်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်လှိုင်မှ မီးလောင်ကုန်းကျေးရွာ အနောက်ဘက်(၃)မိုင်ခန့်အကွာတွင် မသင်္ကာ လူစိမ်း များ တွေ့ရှိကြောင်း သတင်းပေးချက်အရ ရေနံမနယ်မြေရဲစခန်းမှူး ရဲအုပ် မျိုးမင်းထွန်း ဦးစီး တပ်ဖွဲ့ဝင် များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ည ၁၁ အချိန် မီးလောင်ကုန်း ကျေးရွာ အနောက်ဘက် ဆားတွင်းကွင်း တောစပ်တွင် ခိုးဝင်မွတ်ဆလင်လူမျိုး ကျား(၁၀)ဦး၊ မ(၁)ဦး၊ ပေါင်း(၁၁)ဦး တို့အား စစ်ဆေးတွေ့ရှိခဲ့ရပါသည်။
ခိုးဝင်မွတ်ဆလင်လူမျိုးများမှာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပါးရိန်ကျေးရွာနေ ရှိုဘူလာ(ခ) လှမောင်၊ ၂၉ နှစ်၊ ရှိုဘီဟူးဆင်(ခ)ရွှေမောင်သိန်း၊ ၂၇ နှစ်၊ မင်းပြားမြို့နယ်၊ လက်မကျေးရွာနေ နိုရိုမာဟာမောက်၊ ၂၄ နှစ်၊ မူဟာမွတ်ဟူဆွင်၊ ၂၂ နှစ်၊ မူဟာမွတ်စာတစ်၊ ၂၄ နှစ်၊ မင်းပြားမြို့နယ်၊ သာဒီကျေးရွာနေ အဒူမာလစ် (ခ)လှမောင်သိန်း၊ ၄၅ နှစ်၊ မော်နီရာမော့(ခ) ရွှေလှမောင်၊ ၁၄ နှစ်၊ မင်းပြားမြို့နယ်၊ နော်နာကျေးရွာနေ အဒူရာဟတ်(ခ)အောင်ကျော်သိန်း၊ ၁၃ နှစ်၊ မင်းပြားမြို့နယ်၊ နဂါရာပေါက်တောကျေးရွာနေ ဖိုက်ဒူရာ (ခ)မောင်လှမြင့်၊ ၁၄ နှစ်၊ မဆာဒစ်ကာ(ခ) မလှစိန်၊ ၁၉ နှစ်၊ ဆိုတလူဘော်ချော(ခ)မောင်သိန်းရွှေ၊ ၄ နှစ် တို့ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါဖမ်းဆီးရမိသည့် မွတ်ဆလင်လူမျိုး(၁၁)ဦးတို့အား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၁ နာရီခန့် မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ခေါ်ဆောင်ခဲ့ရာ နံနက် ၄ နာရီခန့် ရောက်ရှိပြီး မင်းလှမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး  ထင်အောင်လင်း၏ ကြီးကြပ်မှုဖြင့် ရေနံမနယ်မြေရဲစခန်းမှူး ရဲအုပ် မျိုးမင်းထွန်း၊ သတင်း ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ကံဝင်းနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးမှူး ဦးအောင်မင်းဦး တို့မှ ပူးပေါင်းစစ်ဆေးခဲ့ရာ လွန်ခဲ့သော (၁၅)ရက်ခန့်က ရခိုင်ပြည်နယ်ဘက်မှ လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။


မကွေး၊ နိုဝင်ဘာလ ၂၇ ရက်
ပခုက္ကူမြို့မရဲစခန်း(ပ)၅၆၄၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ အမှုမှ တရားခံ စစ်ကိုင်း တိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ၀ါးရုံရွာနေ မျိုးကို(ခ)ရဲကို၊ ၁၉ နှစ်နှင့် ကချင်ပြည်နယ်၊  မြစ်ကြီးနားမြို့၊ ရန်ပူရပ်ကွက်နေ ကျော်ကျော်ဝင်း၊ ၂၃ နှစ် တို့အား ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နှင်းရေးဌာနစိတ်မှ ရဲအုပ် မျိုးလွင်နှင့်အဖွဲ့မှ သက်သေများနှင့်အတူ အသေးစိတ်စစ်ဆေးရာ ၎င်းတို့သည် ၁၆.၁၁. ၂၀၁၈ ရက်နေ့ညက ရွှေဘိုမြို့ရှိ နေအိမ်တစ်ခုအတွင်းမှ နံပါတ်မပါ ဟွန်ဒါ ကလစ် ၁၂၅ ဖြူ/နက်ကြားရောင် ဆိုင်ကယ်အား ခိုးယူခဲ့ပြီး ရွှေဘိုမြို့နယ်၊ သက်သာပန်းတောင်း ရပ်ကွက်နေ ကိုကျော်(ခ)ဇင်မင်းလတ်၊ ၄၄ နှစ် ထံတွင် ရောင်းချထားရှိခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် သဖြင့် ၂၆.၁၁.၂၀၁၈ ရက်နေ့ ၁၀၃၀ အချိန် ရဲအုပ် မျိုးလွင်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ ကိုကျော်(ခ)ဇင်မင်းလတ်ထံသို့ သွားရောက်သိမ်းဆည်း ရမိခဲ့သဖြင့် မျိုးကို(ခ)ရဲကိုပါ(၃)ဦးအား ရဲအုပ် မျိုးလွင်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ပခုက္ကူမြို့၊ မြို့မ ရဲစခန်း(ပ) ၅၆၇၇/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၀/ ကျင့် ၅၄ အရ ထပ်မံအမှုဖွင့် အရေးယူဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ 


မကွေး၊ နိုဝင်ဘာလ ၂၇ ရက်
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်တွင် တောင်တွင်းကြီးမြို့မရဲစခန်း မှ နယ်ထိန်းအရာရှိ ဒုရဲအုပ် သက်နိုင်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ တောင်တွင်းကြီးမြို့၊ မြို့မဈေး အတွင်း လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် မသင်္ကာဖွယ်အမျိုးသမီး(၁)ဦးအား တွေ့ရှိရ သဖြင့် ဈေး ကြီးကြပ်ရေးမှူးရုံးသို့ ခေါ်ယူမေးမြန်းခဲ့ရာ ၎င်းမှာ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ အောင်ချမ်းသာရပ်ကွက်နေ မမိုးမိုး၊ ၄၇ နှစ် ဖြစ်ပြီး ၎င်းကိုင်ဆောင်လာသည့် ဆွဲခြင်းအတွင်းမှ လွယ်အိတ်ဖြင့်ထည့်လျက် မစန်းစန်းဦး အမည်ပါ နိုင်ငံသားစိစစ်ရေးကဒ်ပြား(၁)ခုနှင့် ငွေစက္ကူ (၁၀၀၀၀)တန် (၁၀၀)ရွက်၊ စုစုပေါင်းငွေကျပ် (၁၀၀၀၀၀၀ိ/-)အား တွေ့ရှိရသဖြင့် စစ်ဆေးရာ တောင်တွင်းကြီးမြို့၊ ရွှေအိုး(၂)ရပ်ကွက်၊ ပုလဲစာပေ စတိုးဆိုင်ရှေ့တွင် ဈေးဝယ်လာသည့် အမည်မသိအမျိုးသမီးတစ်ဦးထံမှ ခိုးယူလာခဲ့ကြောင်း စစ်ဆေးသိရှိရ သဖြင့် တောင်တွင်းကြီးမြို့၊ မြို့မရဲစခန်း(ပ)၅၁၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/ကျင့် ၅၄ အရ အရေး ယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။ 


Monday, November 26, 2018


မကွေး၊ နိုဝင်ဘာလ ၂၅ ရက်
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၈ နာရီခန့်တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် ၀င်းမျိုးသန့့် နှင့်အဖွဲ့သည် သက်သေများနှင့်အတူ မကွေးမြို့ပေါ်အတွင်း ခိုး/ဆိုး/နှိုက် သတင်း များ စုံစမ်းနေစဉ် ပြည်တော်သာ လမ်းရှိ``သဘာဝ´´လက်ဖက်ရည်ဆိုင်၊ ဖုန်းပွဲစားတန်းတွင် လူငယ် တစ်ဦးမှ ဖုန်း(၁)လုံးအား ကာလတန်ဖိုးထက် လျော့၍ ရောင်းချနေသဖြင့် စစ်ဆေးမေးမြန်းရာ မကွေး မြို့နယ်၊ မင်းရွာ(တောင်)ကျေးရွာနေ ရန်နိုင်စိုး၊ ၂၂ နှစ်၊ ဖြစ်ပြီး ၎င်းလိုက်လံရောင်းချနသော HUAWEI အနက်ရောင်ဖုန်း (မှန်ကွဲ)(၁)လုံးနှင့် ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြောဆိုပြသနိုင်ခြင်းမရှိ၍ နေအိမ်အဆောက်အဦတစ်ခုခုမှ ခိုးယူလာသည်ဟု မင်္သကာဖွယ် တွေ့ရှိရသဖြင့် ရန်နောင်စိုးအား မကွေးနယ်မြေရဲစခန်း(ပ)၆၇၁/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


မကွေး၊ နိုဝင်ဘာလ ၂၅ ရက်
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ နေ့လည် ၁၂ နာရီခွဲခန့်တွင် ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် မျိုးလွင် ဦးစီး တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ပခုက္ကူမြို့မရဲစခန်း(ပ)၅၆၄၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ အမှုမှ ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရန်ပူရပ်ကွက်နေ ကျော်ကျော်ဝင်း၊ ၂၃ နှစ်အား လိုက်လံစုံစမ်းရှာဖွေရာ ရေစကြို မြို့နယ်၊ ဆင်ဖြူရှင်တံတားအနီးတွင် ကျော်ကျော်ဝင်းအား ၅၆ယ/၈၀၇၈၄ HONDA Scoopy 110 အနက်ရောင်ဆိုင်ကယ်(၁)စီးနှင့် ၎င်းလွယ်ထားသည့် Meiyanuo တံဆိပ်ပါ အညိုရောင် သားရေအိတ်(၁)လုံးအတွင်းမှ မာစတာကီးသော့(၁)ချောင်း၊ အရိုးအသွား(၁၂)လက်မခန့်ရှိ ဦးချွန်သုံးမြှောင့် စကေဘာ(၁)ချောင်းတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ဆိုင်ကယ်နှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက် အထား ပြသနိုင်ခြင်း မရှိသဖြင့် ပခုက္ကူမြို့၊ မြို့မရဲစခန်း(ပ)၅၆၄၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Find Us on Facebook

Popular Posts

Video