၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၁၂ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ငဖဲမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များသည် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း တာဝန် ဆောင်ရွက်နေ စဉ် မင်းဘူး-အမ်းကားလမ်း၊ မိုင်တိုင်အမှတ် ၃၅ မိုင် ၁ ဖာလုံနှင့် ၃၅ မိုင် ၂ ဖာလုံ အကြား၊ ဆုံကုန်းကျေးရွာအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်မှာ အမ်းမြို့ဘက်မှ ပဒါန်းရွာဘက်သို့ ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာ နေသူ မောင်သန်း (၃၁) နှစ် မောင်းနှင် လာသော ၂၂ယ/xxxxx ၊ REEANBO အနက်ရောင် ဆိုင်ကယ်မှာ လမ်းဘေး သို့ ချကာ ရှောင်တိမ်း မောင်းနှင်လာစဉ် ပဒါန်းရွာဘက်မှ အမ်းဘက်သို့ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်း မြို့နယ်၊ ဥသျှစ်ပင်ကျေးရွာနေသူ ယာဉ်မောင်း လင်းဇော်ထူး(၃၁)နှစ် မောင်းနှင်လာသော 8G/5565 UD နက်ပြာရောင် (၆)ဘီးယာဉ်မှာ လမ်းဝဲဘက်ခြမ်းအထိ မောင်းနှင်လာသဖြင့် ကားဝဲဘက် ဘန်မာနှင့် ဆိုင်ကယ်ပွတ်တိုက်မိ၍ ဆိုင်ကယ်လဲကျကာ ကားဝဲဘက်နောက် ဘီးနှင့် မောင်သန်း၏ ဦးခေါင်းအား ကြိတ်မိပြီးသေဆုံးနေ သည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အားမဆင်မခြင်မောင်းနှင်သူ လင်းဇော်ထူးအား အရေးယူ ပေးပါရန် ၁၂.၁.၂၀၁၅ ရက်နေ့ ၂၀၃၅ အချိန် ရဲတကက မြင့်အောင်မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် ငဖဲမြို့နယ်၊ မြို့မရဲစခန်း ယာဉ် (ပ)၄/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က အရ အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်း ရရှိပါသည်။

0 comments:
Post a Comment