Thursday, March 3, 2016









မကွေး မတ် ၃
မကွေးတိုင်းဒေသကြီး၊မကွေးမြို့၌ မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဆောက်လုပ်ပြီးစီးခဲ့သော ၀န်ထမ်းအိမ်ယာသစ်များ ဖွင့်ပွဲအခမ်းအနားအားကို မတ်လ ၁ ရက်နံနက်(၇)နာရီက ပြည်တော်သာ အိမ်ယာ၊ ၀န်ထမ်းအိမ်ယာသစ်ဝင်းတွင် ကျင်းပရာ ၀န်ထမ်း အိမ်ယာသစ်များ ဆိုင်းဘုတ်အား လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး၊ လမ်းဦးစီးဌာန အင်ဂျင်နီယာချုပ်၊ မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် ဆောက်လုပ်ရေး ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာများ မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေက ပြည်တော်သာဝန်ထမ်းအိမ်ယာစခန်း ဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ တက်ရောက်လာသူများမှ ဆိုင်းဘုတ်အား အမွှေးနံ့သာများဖြင့် ပက်ဖြန်းပေးခဲ့ကြပြီး ဖွင့်ပွဲအမှတ်တရ ဓါတ်ပုံများ ရိုက်ကူးခြင်း ၊ ၀န်ထမ်းအိမ်ယာများအတွင်း လှည့်လည်ကြည့်ရှုခြင်းများ ဆောင်ရွက်သည်။
၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်အတွင်းဆောက်လုပ်ခဲ့သည့် ၀န်ထမ်းအိမ်ယာများမှာ တိုင်းဒေသကြီး ရန်ပုံငွေကျပ်သန်း(၉၉၂.၉၀၀)ဖြင့် ခိုင်ထူးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်သည့် အခန်း(၄၈)ခန်းပါ ၄ခန်းတွဲ ၄ထပ်(၃)လုံး ၊ ပြည်ထောင်စုထောက်ပံ့ရန်ပုံငွေကျပ်သန်း (၅၂၉.၅၀၀) ဖြင့် ပြည့်စုံလျှံကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်သည့် အခန်း(၃၂)ခန်းပါ ၄ခန်းတွဲ၎ထပ်(၂)လုံး ၊ ပြည်ထောင်စုထောက်ပံ့ရန်ပုံငွေ ကျပ်သန်း (၅၃၃.၅၀၀)ဖြင့် သူရလင်းကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်သည့် အခန်း(၂၄)ခန်းပါ ၄ခန်းတွဲ ၆ထပ်(၁)လုံး ၊ ပြည်ထောင်စုထောက်ပံ့ရန်ပုံငွေ ကျပ်သန်း (၇၇၀.၆၄၀)ဖြင့် နန်းထိုက်ဝင်းကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ် သည့် အခန်း(၄၈)ခန်းပါ ၈ခန်းတွဲ ၆ထပ်(၁)လုံး ဖြစ်ကြောင်း သိရသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ ၊ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနိုင်ဦး ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပမ်းဆက်သွယ်ရေး ၀န်ကြီးဦးဝင်းဖေ ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနအင်ဂျင်နီယာချုပ် ဦးကျော်ကျော် ၊ မကွေးတိုင်ဒေသကြီး မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ထွန်းနိုင် နှင့် တာဝန်ယူဆောက်လုပ်သည့် ကုမ္ပဏီများမှ အကြီအကဲများ ဌာနဆိုင်ရာများ ၊ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video