Tuesday, February 9, 2016
3:37 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မကွေး ဖေဖော်ဝါရီ ၈
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်ပထမပုံမှန်အစည်းအဝေးပထမနေ့ကို(၈.၂.၂၀၁၆) ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ခန်းမ၌ စတင်ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အစီအစဉ်အရ သဘာပတိတင်မြှောက်နိုင်ရန်အတွက် ၂၀၁၃ ခုနှစ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဆိုင်ရာနည်းဥပဒေ ၇(ခ)အရ သဘာပတိလောင်း အမည်စာရင်းတင်သွင်းရာမှာ ချောက်မဲဆန္ဒနယ် အမှတ်(၁)မှ ဒေါ်စန်းစန်းဝင်းကို ငဖဲမဲဆန္ဒနယ်အမှတ်(၂)မှ ဦးခင်မောင်လွင်က အမည်စာရင်းတင်သွင်းပြီး ကံမမဲဆန္ဒနယ်အမှတ်(၂)မှ ဦးမြင့်အောင်က ထောက်ခံခဲ့သဖြင့် အမည်စာရင်းတင်သွင်းခံရသူ တစ်ဦး တည်းသာရှိသည့်အတွက် ၂၀၁၃ ခုနှစ် မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၇(စ)အရ ချောက်မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါ်စန်းစန်းဝင်းအား သဘာပတိအဖြစ်တင်မြှောက်ခဲ့ပါသည်။
ဆက်လက်၍ ၂၀၁၃ ခုနှစ် မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၅(က)အရ သဘာပတိက လွှတ်တော်၏ရှေ့မှောက်တွင် သဘာပတိအဖြစ် ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုး၍ ၂၀၁၃ ခုနှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၈(က) အရ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက သဘာပတိရှေ့မှောက်၌ ကတိသစ္စာပြုကြပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြပါသည်။
ထို့နောက် လွှတ်တော်အစည်းအဝေးသို့ ကိုယ်စားလှယ် (၆၈)ဦး တက်ရောက်ခွင့်ရှိသည့်အနက် (၆၈)ဦးလုံးတက်ရောက်၍ (၁၀၀)ရာခိုင်နှုန်း တက်ရောက်ခဲ့သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
၎င်းနောက် ၂၀၁၃ ခုနှစ် မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၆ အရ ဥက္ကဋ္ဌလောင်း အမည်စာရင်းတင်သွင်းရာမှာ စလင်းမဲဆန္ဒနယ်အမှတ်(၁)မှ ဦးတာ ကို အောင်လံ မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအေးကျော်က အမည်စာရင်းတင်သွင်းပြီး နတ်မောက်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးသောင်းရွှေ က ထောက်ခံခဲ့ သဖြင့် အမည်စာရင်းတင်သွင်းခံရသူတစ်ဦးတည်းသာရှိသည့်အတွက် ၂၀၁၃ ခုနှစ် မကွေးတိုင်း ဒေသကြီး လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၆ အရ စလင်းမဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးတာ ကို ဥက္ကဋ္ဌအဖြစ်တင်မြှောက်ခဲ့ပါသည်။
ထို့နောက် ၂၀၁၃ ခုနှစ် မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၇ အရ ဒုတိယ ဥက္ကဋ္ဌလောင်း အမည်စာရင်းတင်သွင်းရာမှာ မြို့သစ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဇော်မျိုးဝင်းကို ပေါက်မဲဆန္ဒနယ် အမှတ်(၂)မှ ဒေါ်မြင့်စန်းက အမည်စာရင်းတင်သွင်းပြီး ပခုက္ကူမဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်ဇင်နီနီဝင်းက ထောက်ခံခဲ့သဖြင့် အမည်စာရင်းတင်သွင်းခံရသူ တစ်ဦးတည်းသာရှိသည့်အတွက် ၂၀၁၃ ခုနှစ် မကွေးတိုင်း ဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၆ အရ မြို့သစ် မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မျိုးဝင်းကို ဒုတိယဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့ပါသည်။
ဆက်လက်ပြီး ၂၀၁၃ ခုနှစ် မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၈ အရ သဘာပတိရှေ့မှောက်တွင် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ကတိသစ္စာပြုပြီး လွှတ်တော်၏ ရှေ့မှောက်တွင် ကတိသစ္စာပြုလွှာပေါ်၌ လက်မှတ်ရေးထိုးကြပါသည်။
၂၀၁၃ ခုနှစ် မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၉ အရ သဘာပတိက လွှတ်တော်ဥက္ကဋ္ဌအား တာဝန်လွှဲအပ်ပြီး မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက် အမှာစကားပြောကြားကာ ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ရပ်နားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးများ ရွေးချယ်ရန်နှင့် အခြားလွှတ်တော်ဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်နိုင်ရန် ပြည်ထောင်စု လွှတ်တော်မှ နိုင်ငံတော်သမ္မတ ရွေးကောက်တင်မြှောက်ပြီး သည့်နောက်တွင် အစည်းအဝေးဒုတိယနေ့ကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း လွှတ်တော်သို့ တင်ပြပြီးနောက် ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ အစီအစဉ်များကို (၁၀၅၀)အချိန်တွင် ရပ်နားခဲ့ကြောင်း သတင်းရရှိပါသည်။
သန်းနိုင်ဦး(ငဖဲ)
Subscribe to:
Post Comments (Atom)







0 comments:
Post a Comment