Friday, February 12, 2016
9:27 AM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မကွေး ဖေဖော်ဝါရီ ၁၁
(၆၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြို မကွေးတက္ကသိုလ် စာပေနှင့်ယဉ်ကျေးမှုကော်မတီက ကြီးမှူး၍ စာစီစာကုံး၊ နံရံကပ်စာစောင်၊ ဟောပြောပွဲ၊ တိုင်းရင်းသားယဉ်ကျေးမှု ပဒေသာကပွဲများကို ယနေ့ နံနက် ၈ နာရီခွဲက မကွေးတက္ကသိုလ် ဘက်စုံခန်းမတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
အခမ်းအနားကို မကွေးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ ခင်မောင်ဦး၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာ သက်လွင်နှင့် မကွေးတက္ကသိုလ် စာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဌ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာဝင်းစိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။ ယင်းနောက် မကွေး တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဧည့်သည်တော်များက (၆၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြို နံရံကပ်စာစောင်များနှင့် တိုင်းရင်းသား ရိုးရာဓလေ့ထုံးစံ ပြပွဲကို ကြည့်ရှုအားပေးသည်။
အခမ်းအနားကို ဆက်လက်ကျင်းပရာ မကွေးတက္ကသိုလ် စာပေနှင့်ယဉ်ကျေးမှုကော်မတီနာယက ပါမောက္ခချုပ် ဒေါက်တာခင်မောင်က အဖွင့်အမှာစကားပြောကြားပြီး (၆၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများကို မကွေးတက္ကသိုလ် ပါမောက္ခချုပ်နှင့်တာဝန်ရှိသူများမှ ဆုများပေးအပ် ချီးမြှင့်ခဲ့သည်။ထို့နောက် မကွေးတက္ကသိုလ် သမိုင်းဌာန၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာ ဆန်းဆန်းက ပြည်ထောင်စုနေ့နှင့် ပြည်ထောင်စုစိတ်ဓါတ်ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။
၎င်းနောက် တိုင်းရင်းသားယဉ်ကျေးမှု ပဒေသာကပွဲကို ဆက်လက်ပြုလုပ်ရာ မကွေးတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများက တပင်တိုင်အက၊ ကချင်ရိုးရာမနောအက၊ ကယားရိုးရာအက၊ ကရင်ရိုးရာအက၊ မွန်ရိုးရာအက၊ ရခိုင်ရိုးရာအက၊ မိုးဇာဗြောအက၊ ရှမ်းတိုင်းရင်းသားအက၊ ချင်းရိုးရာအကနှင့် တိုင်းရင်းသား စုပေါင်းအကများဖြင့် ကပြဖျော်ဖြေခဲ့ကြရာ ဆရာကြီး ဆရာမကြီးများနှင့်ကျောင်းသား ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်ပရိသတ်များက တစ်ခဲနက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
Subscribe to:
Post Comments (Atom)









0 comments:
Post a Comment