၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်
နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် (၁၀)နာရီခွဲခန့်က မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကိုင်းမကြီး ကျေးရွာ အနောက်ဘက် (၂)ဖာလုံခန့်အကွာ ပုသိမ်-မုံရွာကားလမ်း၊ မိုင်တိုင်အမှတ် ၂၇၅/၄ နှင့် ၂၇၅/၅ အကြားတွင် တရားမ၀င် သစ်များ သယ်ဆောင် လာသော ယာဉ်(၂)စီးအား ဖမ်းဆီးရမိကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ မင်းဘူးမြို့နယ် သစ်တော ဦးစီးဌာနမှ မြို့နယ်သစ်တောဦးစီးမှူး ဦးလှဌေး (၅၃)နှစ် အပါအ၀င် သစ်တောဝန်ထမ်း (၄)ဦးနှင့် မင်းဘူးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များ၊ စကုနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများ နှင့်အတူ စောင့်ဆိုင်းနေစဉ် ပုသိမ်-မုံရွာကားလမ်းအတိုင်း မုံရွာဘက်မှ ပုသိမ်ဘက်သို့ မောင်းနှင် လာသော YGN-8E/xxxx နီဆန်း (၁၂)ဘီးအပြာရောင် ယာဉ်နှင့် လေလံယာယီ/၉၂၀ နီဆန်း (၆)ဘီး အပြာရောင် ယာဉ်တို့အား ရပ်တန့် စစ်ဆေးခဲ့ကြောင်း သိရသည်။
YGN-8E/xxxx နီဆန်း (၁၂)ဘီးအပြာရောင် ယာဉ်ပေါ်တွင် ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်နေသူ ယာဉ်မောင်း လွင်ဦး (၄၂)နှစ်၊ မန္တလေးတိုင်းဒေသကြီး၊ ငါးသရောက်မြို့နယ်၊ သနပ်ခါးကျေးရွာ နေသူ ယာဉ်နောက်လိုက် မောင်ခိုင် (၂၈)နှစ်နှင့် တစ်ရွာ တည်းနေ မင်းဇော် (၅၃)နှစ် တို့နှင့်အတူ ပိတောက် ခွဲသားဆိုဒ်စုံ (၃၁)ချောင်း (၃.၇၉၂၈တန်)၊ ပျဉ်းကတိုး ခွဲသားဆိုဒ်စုံ (၂)ချောင်း (၀.၈၁၁၀ တန်)နှင့် အင်းကြင်း ခွဲသားဆိုဒ်စုံ (၁၀၅)ချောင်း (၂.၃၄၉၈ တန်)၊ စုစုပေါင်း ၆.၂၄ တန် (စုစုပေါင်းတန်ဘိုး ၁၂၄၅၃၂၆ိ/-ခန့်)အား တရားမ၀င် သယ်ဆောင် လာကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် လွင်ဦး ပါ(၃)ဦး တို့အား အရေးယူပေးပါရန် ၁၉.၁၁.၂၀၁၅ ရက်နေ့တွင် မြို့နယ်သစ်တောဦးစီးမှူး ဦးလှဌေးမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် မင်းဘူး(စကု)မြို့နယ်၊ စကုနယ်မြေရဲစခန်း (ပ) ၁၄၂/၂၀၁၅၊ ပြည်သူပိုင် ပစ္စည်း ကာကွယ် စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁) အရ အမှုဖွင့်အရေးယူ ထားရှိကြောင်း သိရသည်။

အလားတူ လေလံယာယီ/xxxx နီဆန်း (၆)ဘီး အပြာရောင် ယာဉ်ပေါ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး မြို့နယ်၊ ကျောက်ဖူး ကျေးရွာနေသူ ယာဉ်မောင်း ဇော်လွင်ဦး (၃၂)နှစ်၊ ရှမ်းပြည်နယ်၊ မဘိန်းမြို့၊ အမှတ်(၁)ရပ်ကွက်နေသူ ယာဉ်နောက်လိုက် သူရိန်စိုး (၁၈)နှစ်နှင့် ဂန့်ဂေါခရိုင်၊ ထီးလင်း မြို့နယ်၊ ရေမျက်နီကျေးရွာနေသူ ထားမင်းစိုး (၂၂)နှစ် တို့နှင့်အတူ ကျွန်းသစ်ခွဲသားဆိုဒ်စုံ (၃၀)ချောင်းနှင့် အင်းကြင်းခွဲသားဆိုဒ်စုံ (၁၈၅)ချောင်း၊ စုစုပေါင်းတန်ချိန် ၆.၄၉ တန် (စုစုပေါင်း တန်ဘိုး ၉၂၄၅၆၄ိ/- ခန့်)အား တရားမ၀င် သယ်ဆောင်လာကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် ဇော်လွင်ဦး ပါ(၃)ဦးတို့အား အရေးယူပေးပါရန် ၁၉.၁၁.၂၀၁၅ ရက်နေ့တွင် မြို့နယ်သစ်တော ဦးစီးမှူး ဦးလှဌေးမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် မင်းဘူး(စကု)မြို့နယ်၊ စကုနယ်မြေ ရဲစခန်း (ပ)၁၄၃/၂၀၁၅၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁) အရ အမှုရေးဖွင့် ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment