၂၀၁၅ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့ နံနက် (၁၁)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီး၍ ရဲအကူတပ်ဖွဲ့ခွဲ မှုခင်းအကူဌာနစိတ်မှ ရဲတပ်ဖွဲ့ဝင်များ နှင့် မကွေးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် မကွေးမြို့၊ ကန်သာရပ်ကွက်နေ မစန်းစန်းမြင့် (၄၃)နှစ်သည် နှစ်လုံးထီလောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ သက်သေများ နှင့်အတူ မြို့နယ် ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်းအမှတ် (၄၇/၂၀၁၅)ဖြင့် ၀င်ရောက်ရှာဖွေရာ နှစ်လုံးထီ လောင်း ကစား ပြုလုပ်ရာတွင် အသုံးပြုသော စာရွက်စာတမ်းများအား စာရင်းရေးသွင်း နေသည်ကို တွေ့ရှိရ ပြီး နှစ်လုံးထီလောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသော စာရွက်စာတမ်းများ၊ ဆက်စပ်ပစ္စည်း များနှင့် လောင်းကြေးငွေ စက္ကူရောရာ ၂၁၁၆၀၀ိ/-တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိခဲ့သဖြင့် တရားမ၀င် နှစ်လုံးထီလောင်းကစားပြုလုပ်သူ မစန်းစန်းမြင့်အား မကွေးမြို့နယ်၊ မြို့မရဲစခန်း(ပ) ၃၄၉/၂၀၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
အလားတူ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့ မွန်းလွဲ (၁)နာရီခွဲအချိန်ခန့်တွင် မကွေးခရိုင်၊ ချောက် မြို့နယ်၊ ဂွေးပင်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေ များ နှင့်အတူ ချောက် မြို့နယ်၊ သပြေပင်ရွာထိပ်ရှိ ရေကန်အနီး ခင်မွန်ရွာ-သပြေပင်ရွာသွား လမ်းပေါ်တွင် စောင်းဆိုင်းနေစဉ် ခင်မွန်ရွာဘက်မှ သပြေပင်ရွာဘက်သို့ ကျောက်ပန်းတောင်းမြို့နယ်၊ ခင်မွန် ကျေးရွာနေသူ မျိုးဝင်း (၂၀)နှစ် မောင်းနှင် စီးနင်းလာသော ရင်ဇင်း ၁၂၅ ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ၎င်းလွယ် ထားသည့် လွယ်အိတ်အတွင်းမှ နှစ်လုံးထီ လောင်းကစားပြုလုပ် ရာတွင် အသုံးပြုသော စာရွက်စာတမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့် ငွေစက္ကူရောရာ ၄၁၄၀၀ိ/-တို့အား ရှာဖွေ တွေ့ရှိ သိမ်းဆည်း ရမိခဲ့သဖြင့် တရားမ၀င် နှစ်လုံးထီ လောင်းကစားပြုလုပ်သူ မျိုးဝင်းအား ချောက်မြို့နယ်၊ ဂွေးပင်နယ်မြေရဲစခန်း (ပ) ၃၂/၂၀၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment