မကွေး ဇူလိုင် ၁၅
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် MEITI တို့ ပူးပေါင်းဆောင်ရွက်သည့် မြန်မာနိုင်ငံသဘာဝ သယံဇာတ အရင်းအမြစ်တူးဖော်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆော်ရေးအသိအမြင် အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်က မကွေးမြို့ မြို့တော်ခန်းမတွင် ပြုလုပ်သည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်လင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး Mynamar Extractive Industry Transparency Initiative (MEITI)၏ ဒုတိယအဖွဲ့ခေါင်းဆောင် ဒေါ်ကေသီက မြန်မာနိုင်ငံ၏ EITIအဖွဲ့ဝင်လောင်းနိုင်ငံဖြစ် ရေး ကြိုးပမ်းဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြပါသည်။
EITI သည် သဘာဝအရင်းအမြစ်များမှ ရရှိသော ၀င်ငွေများနှင့် ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ စံနှုန်းတစ်ရပ်ဖြစ်ပါသည်။ ရေနံ၊ သဘာဝဓါတ်ငွေ့နှင့် ဓါတ်သတ္တူများ၊ကြွယ်ဝသောနိုင်ငံများတွင် ကောင်းမွန်သော အုပ်ချုပ်ရေးရှိလျှင် ဤအရင်းအမြစ်ကို တူးဖော်ခြင်းသည် ၀င်ငွေများစွာရရှိစေကာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အားပေးမည့်အပြင် ဆင်းရဲနွမ်းပါးမှုကို လျော့ကျစေနိုင်ပါမည်။ သို့ရာတွင် အုပ်ချုပ်မှုစနစ် အားနည်းပါက ဤအရင်းအမြစ်ဝင်ငွေများသည် ဆင်းရဲနွမ်းပါးမှု အကျင့်ပျက်ခြစားမှုနှင့် ပဋိပက္ခတို့ကို ဖြစ်ပွားစေပါသည်။ EITI(သဘာဝသယံဇာတတူးဖော်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာရေးဆောင်ရွက်မှု) သည် တူးဖော်ရေးလုပ်ငန်းကဏ္ဍတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုတို့ကို တိုးတက်ကောင်းမွန်စေခြင်းအားဖြင့် အုပ်ချုပ်မှုစနစ်ကို အင်အားတောင့်တင်းခိုင်မာလာစေရန် ရည်ရွယ်ပါသည်။
ဆက်လက်ပြီး EITI အကြောင်းအခြေခံသိကောင်းစရာများနှင့် EITIစံနှုန်းများအား အကြီးတန်း နည်းပညာဆိုင်ရာအကြံပေး ဦးမင်းဇာနည်မင်းက ရှင်းလင်းတင်ပြပြီး MEITI လုပ်ငန်းစဉ်အကောင်အထည် ဖော်ခြင်းတွင် သက်ဆိုင်ရာပါဝင်ပတ်သက်သော အရပ်ဖက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ၊ ကုမဏီ များ၏ အခန်းကဏ္ဍ၊ အစိုးရ၏ အခန်းကဏ္ဍများအား ရှင်းလင်းတင်ပြပါသည်။
ဒုတိယပိုင်းအနေဖြင့် မကွေးတိုင်းဒေသကြီးအတွင်း သယံဇာတ တူးဖော်ရေးလုပ်ငန်းများ၏ အခွန်ဘဏ္ဍာပွင့်လင်းမြင်သာမှုနှင့် ဆက်စပ်သော အကြောင်းအရာများနှင့် ပတ်သက်၍ မိမိတို့ အခန်းကဏ္ဍ အလိုက် ကြုံတွေ့ရသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကျော်လွှားနိုင်မည့် နည်းလမ်းများအား အဖွဲ့များခွဲ၍ ဆွေးနွေးခဲ့ကြပါသည်။ ယင်းနောက် ဆွေးနွေးချက်များအား ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်းသိရသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လွှတ်တော်ဒုဥက္ကဌ၊ မကွေးတိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး၊ တိုင်း/ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊တိုင်းဒေသကြီး အတွင်းရှိ တွင်းထွက် လုပ်ငန်းရှင်များတက်ရောက်ကြကြောင်းသိရသည်။
Wednesday, July 15, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment