Tuesday, July 14, 2015



မကွေး၊ ၂၀၁၅ ခုနှစ် ၊ ဇူလိုင်လ (၁၄) ရက်
    ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို (၁၄.၇.၂၀၁၅) ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ခန်းမ၌ စတင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးရဲမြင့်၊ ဒုတိယဥက္ကဋ္ဌ နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
    ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၆၈)ဦးရှိသည့်အနက်(၆၅)ဦးတက်ရောက်၍(၉၅.၅၉) ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
    လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၆)ခုကို လွှတ်တော်ကိုယ်စား လှယ်(၄)ဦးက မေးမြန်းပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီး(၂)ဦးက ပြန်လည်ဖြေကြားပါသည်။
    ဆက်လက်ပြီး ပြည်သူ့ငွေစာရင်းအဖွဲ့ကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် များနှင့် နိုင်ငံသားများအပါအဝင် (၉)ဦးဖြင့် ဖွဲ့စည်းမှုကို လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်မှ အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။ 
    ဆက်လက်ပြီး အစည်းအဝေး ဒုတိယနေ့တွင် တင်သွင်းခဲ့သော မကွေးတိုင်းဒေသကြီး ဆိပ်ကမ်းများ၊ သင်္ဘောဆိပ်များ၊ ဆိပ်ခံများ ဥပဒေကြမ်းတစ်ရပ်လုံးကို လွှတ်တော်တွင် ဆွေးနွေး ဆုံးဖြတ်သည့်အတိုင်း ပြင်ဆင်ချက်များဖြင့် အတည်ပြုပေးရန် မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌက အဆိုတင်သွင်းရာ မြို့သစ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးချစ်သိန်းက ထောက်ခံ၍ ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး လွှတ်တော်၏ သဘောထားရယူကာ လွှတ်တော်ဥက္ကဋ္ဌမှ ပြင်ဆင်ချက်များဖြင့်  အတည်ပြုကြောင်း  ကြေညာပါသည်။
    ထို့နောက် ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန် အစည်းအဝေးကို (၁၀၂၅)အချိန်တွင် အောင်မြင်စွာကျင်းပပြီးစီးကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video