၂၀၁၅ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့ နံနက် ၀၀း၃၀ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ မြိုင်သာကွက်သစ်ရပ်ကွက်ရှိ ဇော်ကြီး(၄၂)နှစ်၏ ဇော်ကြီးဆီ အရောင်းဆိုင် ရှေ့တွင် ယာဉ်မောင်း ကျင်ထွေး(၃၆)နှစ် မောင်းနှင်သော 5I/26187 JAC (၂၂)ဘီး၊ ဂါလံ(၉၀၀၀)ဆံ့ ဆီဘောက်ဆာယာဉ်အား ရပ်တန့်ပြီး ဆီဘောက်ဆာအတွင်းမှ ဓါတ်ဆီများအား ပေပါများအတွင်းသို့ လှယ်ထည့်ရာတွင် ဆီဆိုင် အလုပ်သမားများ ဖြစ်ကြသည့် ဖိုးငြိမ်း(၁၆)နှစ်မှ ဆီလှယ်ပိုက်အား ဆွဲဆန့်ကိုင်ထားကာ တင်နိုင်လတ် (၃၀)နှစ်နှင့် ထိန်ဝင်းမောင် (၃၉)နှစ်တို့ နှစ်ဦးမှ ဆီပိုက်ခေါင်းအား ကိုင်၍ ပေပါအတွင်းသို့ ဆီလှယ်ထည့်စဉ် ဆီပိုက်ထိပ်တွင် တပ်ထားသော သံခေါင်းနှင့် ပေပါတို့ ပွတ်တိုက်မိပြီး တည်ငြိမ် လျှပ်စစ် ဖြစ်ပေါ်ကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ မီးလောင်ရာသို့ ပခုက္ကူခရိုင် မီးသတ်ဦးစီးမှူး ဦးခင်မောင်သန်း ဦးစီးသော မီးသတ်တပ်ဖွဲ့ဝင် ၂၂ ဦး၊ ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး လှဝင်း ဦးစီး ရဲတပ်ဖွဲ့ဝင် ၃၂ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၇ဝ ဦး၊ ရပ်ကွက်နေပြည်သူများနှင့် မီးသတ်ယာဉ် ၁ဝ စီး၊ ရေသယ်ယာဉ် ၆ စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ် ခဲ့ရာ မတ် ၁၄ ရက် နံနက် ၂ နာရီအချိန် တွင် မီးလုံးဝငြိမ်းခဲ့ကြောင်း သိရှိရပါသည်။
မီးလောင်မှုကြောင့် သုံးပင်နှစ်ပင်၊ မြေစိုက်၊ သွပ်မိုး၊ ထရံ ကာ စက်သုံးဆီဆိုင် ၃ ဆိုင်၊ သုံးပင် နှစ်ပင်၊ နှစ်ထပ်၊ အုတ်ကာ၊ သွပ်မိုး စက်သုံးဆီဆိုင် ၁ ဆိုင် နှင့် ဆီပီပါ ၄၅ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရာ စုစုပေါင်း တန်ဘိုး-၆၀၀,၀၀၀,၀ိ/-ခန့် မီးလောင်ဆုံးရှုံး ခဲ့ကြောင်း၊ တင်နိုင်လတ်၊ ထိန်ဝင်းမောင် နှင့် ယာဉ်နောက်လိုက် အောင်ဇော်လတ် (၃၂)နှစ် တို့တွင် မစိုးရိမ်ရသော မီးလောင်မီးပူဟပ် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရပါသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ တင်နိုင်လတ်၊ ထိန်ဝင်းမောင်နှင့် ဖိုးငြိမ်းတို့ (၃)ဦးအား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း (ပ) ၇၈/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။


0 comments:
Post a Comment