၂၀၁၅ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ နံနက် (၈) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေး မြို့၊ အောင်စေတနာ(အေ)ရပ်ကွက်၊ ဗိုလ်လက်ျာလမ်းနေ သန့်ဇင်ထွန်း(၂၃)နှစ်သည် နေအိမ် တံခါးသော့ များ အားပိတ်ပြီး ပုဂ္ဂလိကဘဏ်သို့ အလုပ်သွားရာမှ ညနေ (၆) နာရီအချိန်တွင် ဇနီးဖြစ်သူ မစိုးစိုးနှင့် အတူ နေအိမ်သို့ပြန်လာစဉ် နေအိမ်ခေါင်းရင်းပြူတင်းပေါက်တံခါးပွင့်နေ၍ ကြည့်ရှုရာ နေအိမ်အိပ်ခန်း အတွင်းရှိ SING TECH အမျိုးအစား Laptop Computer (၁)လုံး ၊ သံသေတ္တာအတွင်း ထည့်ထားသည့် အလေးချိန် ၈ ပဲ ၆ ရွေးရှိ ရွှေဘယက်(၁)ကုံး၊ အလေးချိန် ၈ပဲ၊ ၂ ရွေးရှိ ရွှေလက်ကောက်(၁)ကွင်း၊ စုစုပေါင်းတန်ဘိုး(၈)သိန်းခန့် ပျောက်ဆုံးနေသည်ကိုတွေ့ရှိရပြီး အရေးပေါ် ခရီးထွက်သွားရသဖြင့် ၂၄.၃.၂ဝ၁၅ ရက်နေ့တွင် ခိုးယူသူအား စုံစမ်းဖော်ထုတ်အရေးယူပေးရန် သန့်ဇင်ထွန်းမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း(ပ)၇၆/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈ဝ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။
အမှုမှ တရားခံဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးခဲ့ရာ ခိုးယူသူတရားခံမှာ ၂ဝ.၃.၂ဝ၁၅ ရက်နေ့ တွင် မကွေးနယ်မြေရဲစခန်း(ပ)၇၂/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈ဝ အမှုဖြင့်ဖမ်းထားသော အောင်မေတ္တာ (ဘီ)ရပ်ကွက်၊ (၆)လမ်းနေ တရားခံ ကောင်းမြတ်တိုး (ခ)ငပြူး၊ ၁၆နှစ်ဖြစ်ကြောင်း သိရှိရသဖြင့် မကွေး နယ်မြေရဲစခန်း(ပ)၇၆/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈ဝ အရ ထပ်မံအမှုဖွင့် အရေးယူ ဆောင်ရွက် ထားကြောင်း သိရှိရသည်။

ယခင်အမှုတွင်လည်း တရားခံသည် မကွေးမြို့၊ အောင်မေတ္တာ(ဘီ)ရပ်ကွက်နေ ဦးကျော်သိန်းဝင်း (၄ဝ)နှစ် ၏ နေအိမ်မှ ၎င်းခရီးထွက်နေစဉ် နေအိမ်ဘီရိုအတွင်းမှ Acer တံဆိပ် ပါ Laptop (၁)လုံး၊ Mouse(၁)ခု၊ ကွန်ပျူတာအားသွင်းကြိုး(၁)ချောင်း၊ တန်ဘိုး-၃၂ဝဝဝဝိ/-အား ခိုးယူခဲ့ပြီး အောင်မေတ္တာ ရပ်ကွက်နေ မပပ(ခ)ဝင်းပပ၊ ၃၈နှစ်ထံ ငွေ ၂ဝ၀,ဝဝဝိ/-ဖြင့် ရောင်းချထားကြောင်း စုံစမ်းသိရှိရသဖြင့် ကောင်းမြတ်တိုး (ခ)ငပြူးအား မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း (ပ)၇၂/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈ဝ အရ အမှုဖွင့် အရေးယူဆောင်ရွက်မှုဖြစ်ကြောင်း သတင်းရရှိပါသည်။

0 comments:
Post a Comment