Tuesday, February 17, 2015

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် (၂း၁၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ ရေနံချောင်းမြို့၊ မြို့မမြောက်ရပ်ကွက်ရှိ မြို့မဈေးကြီး ဆိုင်ခန်း(စိစစ်ဆဲ)မှ မီးစတင် လောင်ကျွမ်း ခဲ့ကြောင်း၊ သံဃာတော်များ၊ တပ်မတော်သားများ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်လင်းအောင်၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်း၊ မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဦးအုန်းသန်း၊ မကွေးခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီး မင်းဟန် ၊ ရေနံချောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ခိုင်တို့ ဦးစီးသည့် ရဲတပ်ဖွဲ့ဝင် (၇ဝ) ဦး၊ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးစီးသည့် မီးသတ်တပ်ဖွဲ့ဝင်(၈ဝ)ဦး၊ မီးသတ်ယာဉ်(၂ဝ)စီး တို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ဝ၃၄ဝ အချိန် မီးညွန့်ကျိုးပြီး ဝ၄ဝဝ အချိန် မီးငြိမ်းသွားခဲ့ကြောင်း သတင်းရရှိပါသည်။

မီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း (၃၁၂) ခန်း မီးလောင်ကျွမ်းခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ မီးစတင်လောင် ကျွမ်းရသည့် အကြောင်းအရင်းနှင့် ဆိုင်ခန်းပိုင်ရှင် (တရားခံ) အား စုံစမ်း ဖော်ထုတ်နိုင်ရန်အတွက် ဝ၅၄ဝ အချိန်တွင် ရေနံချောင်းမြို့မရဲစခန်းမှူး ဒုရဲမှူး အောင်သန်းဝင်းမှ တရားလိုပြုလုပ်တိုင်တန်း သဖြင့် ရေနံချောင်း မြို့မရဲစခန်း (ပ)၂၂/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက် လျှက်ရှိကြောင်း သိရှိရသည်။ 

မီးလောင်သွားသည့် မြို့မဈေးနေရာအား အမြန်ဆုံးရှင်းလင်းကာ ယာယီဈေးသစ်တည်ဆောက်နိုင်ရေး ၊ ဆောင်ရွက်လျှက်ရှိပြီး ရေနံချောင်းမြို့မဈေးမီးလောင်မှုနှင့်ပတ်သက်၍ ဝ၉၄၅ အချိန် ရေနံချောင်းမြို့၊ မြို့မမြောက်ရပ်ကွက်၊ ရတနာမဉ္ဇူဘုရားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်လွင်၊ မြို့နယ် စည်ပင်အမှုဆောင် အရာရှိ ဦးမြလင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ခိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးကိုကိုဝေဟိန်းတို့ အဖွဲ့သည် မီးလောင်ဆုံးရှုံးခဲ့သည့် ဆိုင်ခန်းပိုင်ရှင်(၂၅ဝ)ဦးနှင့် တွေ့ဆုံ၍ ပစ္စည်းဆုံးရှုံးမှုအား တွက်ချက် ခဲ့ရာ စုစုပေါင်းဆုံးရှုံးမှုတန်ဘိုးမှာ ၅၇၃.၆ သိန်း(ပစ္စည်းဆုံးရှုံးမှု ၃၃၆ သိန်း၊ ဆိုင်ခန်း အဆောက် အဦ ဆုံးရှုံးမှု ၂၃၇.၆ သိန်း) ဖြစ်ကြောင်း သတင်းရရှိပါသည်။






0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video