၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နေ့လယ် (၂) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ ရေထွက်ကျေးရွာနေသူ ဦးဝင်းမောင်(၆၁)နှစ် သည် နေအိမ်တွင်ရှိ နေစဉ် အိမ်နီးချင်းဖြစ်သူ ဦးကျော်ရင်မှ မြေပဲရိုးပုံ မီးလောင်နေကြောင်း ပြောပြသဖြင့် ဆယ်အိမ်စုမှူး ဦးမောင်သန်းနှင့် အတူ သွားရောက်ကြည့်ရှုရာ ဦးဝင်းမောင် ပိုင်ဆိုင်သော သရက်တန်းယာခင်း အတွင်း နွားစာ ကျွေးရန် စုပုံထားသော မြေပဲရိုးပုံမှာ မီးလောင်ကျွမ်းနေသည် တွေ့ရှိရပြီး တန်ဘိုး (၁၈၀၀၀၀ိ/-) ခန့်ဆုံးရှုံးသွား ခဲ့ကြောင်း သိရှိရပါသည်။
မီးရှို့သွားသူအား လိုက်လံစုံစမ်းရာ ဦးဝင်းမောင်၏ ယာခင်း အနောက်တောင်ဘက် (၃)ဖာလုံခန့် အကွာရှိ ခရမ်းချဉ်စိုက်ခင်း စောင့်သူ ဦးမောင်ကိုနှင့် ဥယျာဉ်ခြံစောင့်သူ မချိုတို့၏ ပြောပြချက်များ အရ ဥသျှစ်ကုန်း ရွာမှ မကြိုင်(ခ)ကြိုင်ကြီး(၂၈)နှစ် နှင့် အမည်မသိ အမျိုးသား (၂)ဦးတို့သည် မချို၏တဲသို့ ရောက်ရှိလာ ခဲ့ကြောင်း၊ အမည်မသိအမျိုးသား (၂)ဦးမှာ မချို၏တဲတွင် ကျန်နေရစ်ခဲ့ပြီး မကြိုင်(ခ) ကြိုင်ကြီးမှာ ဦးဝင်းမောင်၏ ယာခင်းဘက်သို့ ထွက်ခွာသွားကြောင်း၊ နာရီဝက်ခန့်အကြာတွင် မကြိုင်(ခ) ကြိုင်ကြီး မှာ ပြန်လည်ရောက်ရှိလာပြီး အမည်မသိအမျိုးသား (၂)ဦးအား ခေါ်၍ ဥသျှစ်ကုန်းရွာဘက်သို့ ထွက်ပြေး သွားကြောင်း သိရှိရပါသည်။

မကြိုင်(ခ) ကြိုင်ကြီးအား ကျေးရွာသို့ ခေါ်ယူညှိနှိုင်း ဆောင်ရွက်သော်လည်း အဆင်မပြေသဖြင့် မြေပဲရိုးပုံ အား မီးရှို့သူ မကြိုင်(ခ) ကြိုင်ကြီးအား အရေးယူပေးရန် ၂၆.၂.၂၀၁၅ ရက်နေ့ တွင် ဦးဝင်းမောင်မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် နတ်မောက်မြို့နယ်၊ မြို့မရဲစခန်း (ပ)၂၁/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၃၅ အရ အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment