Friday, February 13, 2015

ဂန့်ဂေါမြို့နယ် မောက်ကျေးရွာနှင့် တောင်ယာပြင်ကျေးရွာတို့မှာ ခရီးတာအားဖြင့် မဝေးကွာသော် လည်း အတက်အဆင်းများခြင်း၊ မိုးရာသီတွင် ရွှံ့နွံများဖြတ်သန်းသွားလာရခြင်းများဖြင့် ဒေသနေပြည်သူများ ဆက်သွယ်သွားလာမှု အခက်အခဲကြုံကြရသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ် ၂၃ ဒသမ ၄၃၁ သန်းဖြင့် လမ်းအရှည် ၂ မိုင်၊ လမ်းအကျယ် ၃၀ ပေရှိ မောက်- တောင်ယာပြင် ကျေးရွာချင်းဆက် မြေသားလမ်းကို ဖောက်လုပ်ထားရာ ဒေသနေပြည်သူများ သွားလာမှုအဆင်ပြေနေပြီ ဖြစ်ကြောင်းသိရသည်။
    အဆိုပါလမ်းကို တင်ဒါရ ဟိုတယ်သီပေါကုမ္ပဏီက ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၆ ရက်တွင်စတင်ဖောက် လုပ်ခဲ့ရာ ဖေဖော်ဝါရီလဆန်းပိုင်းတွင် ပြီးစီးသွားသဖြင့် ဖေဖော်ဝါရီ ၁၁ ရက်က (၆၈)နှစ်မြောက် ပြည်ထောင်စု နေ့ကို ဂုဏ်ပြုသောအားဖြင့် တောင်ယာပြင်ရွာ အဆိုပါလမ်းထိပ်၌ ဖွင့်ပွဲကျင်းပရာ ဂန့်ဂေါခရိုင် အုပ်ချုပ်ရေးမှူး  ဦးမောင်မောင်ဇင်က အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးဝင်းအောင်၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူ ပြုကော်မတီဥက္ကဌ ဦးနိုင်ဦး၊ မောက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဖေမြင့်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ကြသည်။
    လမ်းသစ်ဖောက်လုပ်ထားသည့် အဆိုပါလမ်းမှာ မော်တော်ယာဉ်များ စက်ဘီး၊ ဆိုင်ကယ်များ လွယ်ကူစွာ ဖြတ်သန်းမောင်းနှင်နိုင်သဖြင့် မောက်နှင့် တောင်ယာပြင်ကျေးရွာ နှစ်ရွာသာမက အနီးပတ်ဝန်း ကျင်ကျေးရွာများပါ သွားလာမှုအဆင်ပြေစေသည့်အပြင် မောက်ရွာသို့ အလယ်တန်းအဆင့်၊ အထက်တန်း အဆင့် ပညာသင်ရန် သွားရောက်ကြရသည့် ကျောင်းသား၊ ကျောင်းသူများ သွားလာမှုအဆင်ပြေ လွယ်ကူ လျှက်ရှိနေပြီဖြစ်ကြောင်း တောင်ယာပြင်ကျေးရွာနေ ပြည်သူတစ်ဦးကပြောသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video