၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၇ ရက်နေ့တွင် ညနေ ၄ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာမည့် နန်းထိုက်တော်ဝင် ခရီးသည်တင်ယာဉ်အား အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုမှတပ်ဖွဲ့ဝင်များ၊ မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ မင်းဘူးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ရှာဖွေ စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
မင်းဘူးမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာမည့် နန်းထိုက်တော်ဝင် ခရီးသည်တင်ကားတွင် မင်းဘူးမြို့နယ် ၊ ချောင်းဖြူရွာမှ အောင်ကိုဦးပါ အမျိုးသား(၇)ဦး၊ မအေးမို့မိုအောင်ပါ အမျိုးသမီး(၁၆)ဦး၊ စုစုပေါင်း (၂၃)ဦး တို့အား တွေ့ရှိသဖြင့်စိစစ်မေးမြန်းခဲ့ရာ မင်းဘူးမြို့နယ်၊ ချောင်းဖြူရွာနေ မအေးခိုင်(၄၂)နှစ်မှ ထိုင်းနိုင်ငံရှိ ငါးသေတ္တာစက်ရုံနှင့် ဆီသွပ်ဗူးစက်ရုံများတွင် တစ်နေ့လျှင် လုပ်အားခ ထိုင်းနိုင်ငံ ဘတ်ငွေ ၃ဝဝ (မြန်မာငွေ ၉ဝဝဝိ/-) အချိန်ပို ဆင်းပါက တစ်နာရီ ၅၆ ဘတ်ရရှိမည်ဖြစ်ကြောင်း၊ ၄င်းအားပွဲစားခငွေ ၅ဝဝဝဝိ/-ပေးရ မည်ဖြစ်ကြောင်းနှင့် လမ်းခရီးစရိတ်တစ်ဦးလျှင် ၃၅ဝဝဝိ/- နှုန်း ကုန်ကျမည်ဟု ပြောဆိုစည်းရုံး ကာ ခေါ်ဆောင်လာကြောင်း စစ်ဆေးတွေ့ရှိရသည်။

မအေးခိုင် (၄၂)နှစ်တွင် ပြည်ပသို့ပို့ဆောင်သော အလုပ်သမားပို့ဆောင်ခွင့်လိုင်စင် ပြသနိုင်ခြင်း မရှိသည့် အပြင် ကုမ္ပဏီတစ်ခုခုမှ အလုပ်သမားစုဆောင်းခွင့်ဆိုင်ရာ အထောက်အထား ပြသနိုင်ခြင်း မရှိသဖြင့် မအေးခိုင် (၄၂)နှစ်အား မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၁/၂ဝ၁၅၊ ပြည်ပအလုပ်အကိုင် ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၆ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment