၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီ ၁ ရက်နေ့ ညနေ (၅း ၁၅) အချိန်ခန့် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ ရေနံချောင်းမြို့နယ်၊ ညောင်လှနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ရန်ကုန်-မကွေးကားလမ်း မိုင်တိုင် အမှတ် (၃၅၇) အနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်အား စစ်ဆေးရာ ရေနံချောင်း -မကွေးကားလမ်းအတိုင်း ရေနံချောင်းမှမကွေးသို့ မကွေးမြို့၊ ရန်ပယ် ရပ်ကွက်နေ မောင်နိုင်(၃၇)နှစ်မောင်းနှင်လာသည့် ထိပ်တန်း ခရီးသည်တင်မှန်လုံယာဉ် 3b/xxxx သည် ရန်ကုန်-မကွေးကားလမ်းမကြီးမိုင်တိုင်အမှတ် (၃၅၇) အနီးအရောက်တွင် မကွေးမှ ရေနံချောင်း သို့ ရေနံချောင်းမြို့၊ သံကန်ကုန်းရပ်နေ ဦးမောင်မောင်ဝင်း(၄၆)နှစ် မောင်းနှင်လာသည့် ၂၄ယ/xxxx ကန်ဘို ၁၁ဝ အစိမ်းရောင်ဆိုင်ကယ်အား မျက်နှာချင်းဆိုင်ဝင်ရောက်တိုက်မိသဖြင့် ဦးမောင်မောင်တွင် ဝဲခြေသလုံးကျိုး၊ ယာမျက်စေ့ပေါက်ထွက်၊ ယာမျက်ခုံးပေါက်ပြဲ၊ ဝဲနားထင်ပေါက်ပြဲဒဏ်ရာများ ရရှိကာ သေဆုံးသွားကြောင်း သိရှိရသည်။

ယာဉ်မဆင်မခြင်မောင်းနှင်သူ မောင်နိုင် (၃၇)နှစ်အား ရေနံချောင်းမြို့နယ်၊ ညောင်လှနယ်မြေရဲစခန်း ယာဉ်(ပ)၁/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment