Tuesday, December 30, 2014

မကွေး ဒီဇင်ဘာ ၂၉
        ဒေသတွင်းအကျိုးစီးပွားမြှင့်တင်နိုင်ရန် နှင့် ပြည်သူများ၏လူမှုစီးပွားဘ၀များ အာမခံချက်ခိုင်မာ စေရန်အတွက် မကွေးတိုင်းဒေသကြီးအတွင်း မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကဏ္ဍပေါင်းစုံ မှ အရှိန်အဟုန်မြှင့်ဖြည့်ဆည်းကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး ၏ ပြောကြားချက်အရ သိရသည်။
        ၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ်အတွင်း မကွေးတိုင်းဒေသကြီး၌ ပြည်ထောင်စုအရင်းမပျောက် မတည် ရန်ပုံငွေ ကျပ်သိန်း(၉၅၀)ဖြင့် နွား(၁၇၇)ကောင်၊ဆိတ်(၅၀၀)ကောင် ၊ ကျေးလက်ဖွံ့ဖြိုးရေးဘဏ် မွေးမြူရေးချေးငွေ ကျပ်သိန်း(၅၅၉၂ ဒဿမ၄)ဖြင့် နွား(၁၉၆)ကောင်၊ဆိတ်(၉၆၁၉)ကောင်၊၀က်(၃၀၁)ကောင်တို့အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန နှင့် CPကုမ္ပဏီလီမိတက်တို့ပူးပေါင်း၍ CPကျေးရွာရန်ပုံငွေတည်ထောင်ရေးစီမံကိန်း အား အကောင်အထည်ဖေါ်ဆောင်ရွက်သွားမည်ဖြစ်သည်။ မကွေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ ကျေးလက် ဒေသများတွင် တစ်နိုင်တစ်ပိုင်ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်လိုသူများအတွက် ငါးသားပေါက်များအလွယ်တကူ ရရှိစေရန် အသေးစားငါးဖောက်ကန်(၇)ခုကို စေတုတ္တရာ၊ပွင့်ဖြူ၊ချောက်၊အောင်လံ၊မြိုင်နှင့်ရေစကြိုမြို့နယ်များတွင် ၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ပေးလျှက်ရှိပြီး နည်းပညာနှင့်ငါးသားပေါက်များ ပံ့ပိုးကူညီသွားမည် ဖြစ်သည်။
        “မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအနေနဲ့ လုပ်ငန်းတူသူချင်းစုစည်းပြီး ပထမအဆင့်အနေဖြင့် အစုအဖွဲ့များဖွဲ့စည်းခြင်း ၊ ဒုတိယအဆင့်အနေဖြင့် အစုအဖွဲ့အချင်းချင်း စုပေါင်းအသင်းအဖွဲ့များဖွဲ့စည်းခြင်းတို့ ဆောင် ရွက်သွားရန်လိုအပ်ပြီး အသင်းအဖွဲ့များဖွဲ့စည်းပြီးပါက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန နှင့်ဆက်သွယ်ပြီး ကျေးလက် ဖွံ့ဖြိုးရေးဘဏ်မှ မွေးမြူရေးချေးငွေများကို ဘဏ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်ယူနိုင်မှာဖြစ်ပါတယ်။ မွေးမြူရေး ချေးငွေများထုတ်ယူရရှိပါက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဦးဆောင်၍ မွေးမြူရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ် များပါဝင်သော တိရိစ္ဆာန်ဝယ်ယူဖြန့်ဖြူးရေးအဖွဲ့ ဖွဲ့စည်းကာ ၀ယ်ယူဖြန့်ဖြူးပေးသွားမှာဖြစ်ပါတယ် ” ဟု မွေးမြူရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးဌာန ၀န်ကြီး ဦးအောင်နိုင်မှ ပြောကြားသည်။
        မွေးမြူရေးလုပ်ငန်းအခြေအနေတွင် တစ်နိုင်တစ်ပိုင်မွေးမြူသူနှင့်စီးပွားဖြစ်တစ်အုပ်တစ်မမွေးမြူသူ ဟူ၍ရှိကာ မကွေးတိုင်းဒေသကြီးအတွင်းမွေးမြူထားသော နွား(၂၈၁၃၄၃၂)ကောင်၊ ဆိတ်(၇၄၄၈၈၆)ကောင် ၊ ၀က် (၃၁၅၇၄၅၉)ကောင် ၊ကြက်(၄၀၅၉၈၂၄၇)ကောင် နှင့် ဧက ၈၁၄ ဒဿမ ၇၁၅ ၌ မှတ်ပုံတင်ပြီးငါးကန် ၄၈၁ကန်တွင် ငါးအကောင်ရေ(၁၃၃၂၈၅၀)ခန့်ရှိကြောင်း ၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၉၉၆၁၈၈)ဦးခန့်ရှိကြောင်း မွေးမြူရေး မှတ်တမ်းများအရသိရပြီး မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ် (၂၅)မြို့ နယ်၌ ၂၀၁၅မတ်လတွင် အခြေခံမွေးမြူရေးနှင့်ကုသရေးသင်တန်းများအား စာတွေ့၊လက်တွေ့ပို့ချသွားရန် စီစဉ် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
                                                  ဇေယျတု(မကွေး)

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video