Monday, December 29, 2014


မကွေး   ဒီဇင်ဘာ  ၂၉
    ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျော့ချရေးအတွက် လူငယ်များအလုပ်အကိုင်အခွင့် အလမ်းများ ရရှိစေရေးအတွက် ကျွမ်းကျင်အလုပ်သမားများမွေးထုတ်ပေးရေး ရည်ရွယ်ချက်ဖြင့် စက်မှုသင်တန်း ကျောင်းများ ဖွင့်လှစ်ပေးပြီး လူ့စွမ်းအား အရင်းအမြစ်ကဏ္ဍမြှင့်တင်ပေးရန်အတွက် စက်မှု ၀န်ကြီးဌာန၊ စက်မှုညွှန်ကြားရေးဦးစီးဌာန၊ အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)မှဖွင့်လှစ်သည့် စက်မှုနှင့် အသက်မွေးပညာ ရွှေ့လျားသင်တန်းအမှတ်စဉ်(၇)ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီကမကွေးမြို့ စက်မှုနှင့် အသက်မွေးပညာ ရွှေ့လျားသင်တန်းကျောင်းတွင်ပြုလုပ်သည်။
    ယင်းသင်တန်းဆင်းပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့် စက်မှုလက်မှု ၀န်ကြီး ဦးဝင်းမြင့်မောင်က သင်တန်းဆင်းအမှာစကားပြောကြားပါသည်။ ဆက်လက်ပြီး စက်မှု ၀န်ကြီးဌာန၊ စက်မှုညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသွင်မြင့်မောင်က ထူးချွန်သင်တန်းသားများအား ဆုများအသီးသီးချီးမြှင့်ပေးပါသည်။ ယင်းနောက် အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)ကျောင်းအုပ်ကြီး ဦးသန့်ဇင်က သင်တန်းသားများအား သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ပါသည်။
    အဆိုပါသင်တန်းကို ၁၅.၁၂.၂၀၁၄ရက်နေ့မှ ၂၀.၁၂.၂၀၁၄ရက်နေ့ထိ ဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းသို့ မကြီးကန်ကျေးရွာမှ  စိုက်ပျိုးရေးလုပ်ငန်းသုံး အင်ဂျင်နှင့် မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်း ခြင်းသင်တန်း အတွက် သင်တန်းသား(၃၀)ဦး၊ သံဂဟေဆက်သင်တန်းအတွက် သင်တန်းသား(၂၀)ဦး စုစုပေါင်း သင်တန်းသား(၅၀)ဦးတက်ရောက်ကြကြောင်းသိရသည်။
    သင်တန်းတက်ရောက်သည့် သင်တန်းသားတစ်ဦးက မိမိဝါသနာရှိခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် လက်တွေ့သင်ယူခွင့်မရခဲ့တဲ့အတွက် အခုလို ရက်တိုသင်တန်းမှာ ကြိုးစားသင်ယူပြီး တစ်နိုင်တစ်ပိုင် လုပ်ကိုင်နိုင်တော့မှာဖြစ်လို့ ၀မ်းသာလျက်ရှိကြောင်းပြောကြားပါသည်။
ညီညီ

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video