Monday, December 29, 2014
5:32 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မကွေး၊ ၂၀၁၄ ခုနှစ် ၊ ဒီဇင်ဘာလ (၂၉) ရက်
ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို (၂၉.၁၂.၂၀၁၄) ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ခန်းမ၌ စတင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးရဲမြင့်၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၆)ဦးတက်ရောက်၍ (၉၇.၀၆) ရာခိုင်နှုန်းတက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာ ပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုကို လွှတ်တော်ကိုယ်စားလှယ်(၁)ဦးက မေးမြန်းပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဝန်ကြီး(၂)ဦးမှ ပြန်လည်ဖြေကြားပါသည်။
ဆက်လက်ပြီး ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတစ်ရပ်လုံးကို လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်သည့်အတိုင်း အတည်ပြု ပေးရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးက အဆိုတင်သွင်း ပြီး ပခုက္ကူမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းက ထောက်ခံ၍ ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး လွှတ်တော်၏ သဘောထားရယူကာ လွှတ်တော်ဥက္ကဋ္ဌမှ အတည်ပြု ကြောင်း ကြေညာပါသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး မီးဘေးနှင့် သဘာဝဘေးအန္တရာယ်များ ကြိုတင် ကာကွယ်ရေး ဥပဒေကြမ်းတစ်ရပ်လုံးကို လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်သည့်အတိုင်း အတည်ပြု ပေးနိုင်ပါရန် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်မောင်ကျော်မှ အဆိုတင်သွင်းပြီး ချောက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနိုင်ဦးက ထောက်ခံ၍ ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး လွှတ်တော်၏ သဘောထားရယူကာ လွှတ်တော်ဥက္ကဋ္ဌမှ အတည်ပြု ကြောင်း ကြေညာပါသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့များ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်းနှင့် မကွေးတိုင်း ဒေသကြီး ပုဂ္ဂလိကပိုင်ရေယာဉ်များ စနစ်တကျပြေးဆွဲရေး ဥပဒေကြမ်း၏ တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူပါသည်။
ထို့နောက် ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေး စတုတ္ထနေ့ ကို (၁၁၅၀)အချိန်တွင် ရပ်နားကြောင်းနှင့် ပဉ္စမနေ့အစည်းအဝေးကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက် (အင်္ဂါနေ့) (၁၀၀၀) နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment