Tuesday, December 30, 2014

မကွေး ဒီဇင်ဘာ ၃၀
        ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း ၇၀ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူများ၏ အခြေခံလူမှု ဘ၀များ မြင့်မားလာရေးအတွက် ထောက်ပံ့မှုများ၊စီမံကိန်းရေးဆွဲအကောင်အထည်ဖေါ်မှုများ ဆောင်ရွက်နေသကဲ့သို့ မကွေးတိုင်းဒေသကြီး၌တောင်သူလယ်သမားများအား လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးလာရေးအတွက် အသက် မွေးဝမ်းကြောင်းပညာသင်တန်းများ စဉ်ဆက်မပြတ်ပို့ချဆောင်ရွက်လျှက်ရှိကြောင်း  သိရသည်။
        ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဦးစီးဌာနမှဖွင့်လှစ်သော လက်သမားသင်တန်း၌ သင်တန်းသား(၆၀)ဦး ၊ ပန်းရံ သံချည်သံကွေးသင်တန်း၌ သင်တန်းသား(၆၀)ဦး၊စုစုပေါင်းသင်တန်းသား(၁၂၀)ဦးကို မကွေးမြို့နယ် အောင်မြေကုန်းကျေးရွာနှင့်ယာကွက်စမ်းကျေးရွာတို့တွင် ဖွင့်လှစ်သင်ကြားနိုင်ခဲ့ပြီး လက်သမားသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။တိုင်းဒေသကြီးအတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း(၈၃)ရွာတွင် အိမ်တွင်းမှု လုပ်ငန်းအတွက် ချေးငွေရယူဆောင်ရွက်လျှက်ရှိသည့် ကျေးရွာသူများအနက်မှ အပ်ချုပ်သင်တန်းတက်ရောက်လို သည့် ကျေးရွာသူ(၁၉)ဦးအား ဆိပ်ဖြူမြို့ရှိ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး အိမ်တွင်းမှု သင်တန်းကျောင်းတွင် ၁၃ပတ်ကြာ သင်တန်းပို့ချလျှက်ရှိသည်။
        စက်မောင်း၊ စက်ပြင်၊ သံချည်သံကွေး၊ သံဂဟေဆော်နည်းသင်တန်းများအား သင်ကြားပေးသည့် အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)မှ တစ်နှစ်သင်တန်းတွင် တစ်ကြိမ်၌သင်တန်းသား(၁၅၀)ဦးဖြင့် ဖွင့်လှစ်ဆဲ သင်တန်း ၄ကြိမ်အတွက် သင်တန်းသား(၆၀၀)ဦး၊ အမှတ်(၄)စက်မှုသင်တန်းကျောင်း(ပခုက္ကူ)မှ တစ်နှစ်သင်တန်း တစ်ကြိမ်၌ သင်တန်းသား(၂၂၀)ဦးဖြင့် ဖွင့်လှစ်ဆဲသင်တန်း(၅)ကြိမ်အတွက် သင်တန်းသား(၁၁၀၀)ဦးနှင့် ရွေ့လျား သင်တန်းတစ်ကြိမ်လျှင် သင်တန်းသား(၅၅)ဦးဖြင့် သင်တန်း(၃)ကြိမ်အတွက် ၁၆၅ဦး ၊ စုစုပေါင်း(၁၈၆၅)ဦးအား သက်မွေးဝမ်းကြောင်းပညာများ သင်ကြားပို့ချနိုင်ခဲ့သည်။လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှု လယ်ယာဦးစီးဌာနအနေဖြင့်လည်း တောင်သူအကျိုးပြုအထောက်အကူဖြစ်စေရန် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှုသင်တန်းများမှ သင်တန်းသား၂၉၉ဦးအား သင်ကြားပို့ချပေးနိုင်ခဲ့သည်။
        မကွေးတိုင်းဒေသကြီးအတွင်း မွေးမြူရေးလုပ်ငန်းများတွင် နွား မျိုးကောင်းမျိုးသန့်များ ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် အရပ်သားမေထုန်မဲ့သားစပ်သင်တန်းများကို မြို့နယ် ၂၂မြို့နယ်တွင် သင်တန်းသား ၄၆၀ဦးဖြင့် ဖွင့်လှစ်ပို့ချခဲ့ပြီး ၂၀၁၅မတ်လတွင် မြို့နယ်(၂၅)မြို့နယ်၌ အခြေခံမွေးမြူရေးနှင့်ကုသရေးသင်တန်း ကို စာတွေ့ လက်တွေ့ ဖွင့်လှစ်ပို့ချသွားရန်စီစဉ်ဆောင်ရွက်လျှက်ရှိသည်။ကျေးလက်စိုက်ပျိုးရေးအထောက်အကူပြု သဘာဝ မြေသြဇာထုတ်လုပ်မှုသင်တန်းများကို ခရိုင်တစ်ခုလျှင်သင်တန်းသား(၃၀)ဦးဖြင့် တိုင်းဒေသကြီးအတွင်းခရိုင်(၅)ခု၌ ၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ်အတွင်း ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ရာ သက်ဆိုင်ရာဦးစီးဌာနများသို့ ဆက်သွယ်စာရင်းပေး နိုင်ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video