Tuesday, December 30, 2014

စေတုတ္တရာ ဒီဇင်ဘာ ၃၀
        ၂၀၁၂ခုနှစ်မကွေးတိုင်းဒေသကြီးလွှတ်တော်ဥပဒေအမှတ်(၅)ဖြင့်  မကွေးတိုင်းဒေသကြီး စည်ပင် သာယာရေးအဖွဲ့များဥပဒေအရ မြို့နယ်စည်ပင်သာယာရေးနယ်နမိတ်အတွင်း ပုဂ္ဂလိကပိုင်၊အဖွဲ့အစည်းပိုင် အဆောက် အအုံများ ဆောက်လုပ်ခွင့်ပြုခြင်း၊ကြီးကြပ်ခြင်း ပြုလုပ်ရန်ပြဌာန်းထားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အတည်ပြုချက် ရယူထားသော (Bye-Laws)များအရ အဆောက်အဦးသစ်ဆောက်လုပ်ခြင်း ၊ ပြင်ဆင်၊တိုးချဲ့၊ပြောင်းလဲဆောက်လုပ် ခြင်းလုပ်ငန်းများ ဆောင်ရွက်လိုပါက သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့ အဆောက်အဦးကြီးကြပ် စစ် ဆေးခ တစ်ရာခိုင်နှုန်းပေးသွင်းရန်လိုအပ်ကြောင်း စေတုတ္တရာမြို့နယ်အမှုဆောင်အရာရှိဦးသိန်းဝင်းထံမှသိရသည်။
        “ အဆောက်အဦးစစ်ဆေးကြီးကြပ်ခ အဆောက်အဦးတန်ဖိုး၏တစ်ရာခိုင်နှုန်း ပေးသွင်းရေးနဲ့ ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးဌာနဆိုင်ရာအစည်းအဝေးမှာ မြို့နယ်အတွင်းဌာန(၂၆)ခုကို ချပြရှင်းလင်းပြီး ဖြန့်ဝေ စာများ ပေးပို့ထားပြီးဖြစ်ပါတယ် ၊ ဒီလိုဆောင်ရွက်ရတာက ပုဂ္ဂလိကပိုင်အဆောက်အဦးတွေကို ဥပဒေနဲ့အညီ အခွန်စည်းကြပ်ရာမှာ အခက်အခဲမရှိပေမယ့် ဌာနဆိုင်ရာတွေအနေနဲ့ ဘဏ္ဍာရေးနှစ်ရန်ပုံငွေချထားမှုအပေါ် တင်ဒါ စနစ်နဲ့ ကုမ္ပဏီတွေကိုအဆောက်အဦးကိစ္စ စာချုပ်ချုပ်တဲ့အခါ အဆောက်အဦးစစ်ဆေးကြီးကြပ်ခပေးသွင်းရေး သဘောတူညီချက်တွေ ထည့်သွင်းချုပ်ဆိုခြင်းမရှိခဲ့ရင် အခက်အခဲတွေဖြစ်ပေါ်နိုင်တာကြောင့်ပါ ”ဟု အမှုဆောင် အရာရှိမှ မြို့နယ်အတွင်းကြုံတွေ့ နိုင်သော အခြေအနေအား ရှင်းပြသည်။
        ယခင်က ၀န်ကြီးဌာနအချို့လက်အောက်ရှိ ဌာနဆိုင်ရာရုံးများအား ဌားရမ်းဖွင့်လှစ်ခဲ့ရပြီး ယခုအခါ ဌာနပိုင်ရုံးအဆောက်အဦးဆောက်လုပ်ခွင့်များ ချထားပေးလျှက်ရှိရာ စေတုတ္တရာမြို့နယ်အတွင်း မီးသတ်ဦးစီးဌာန ၊ စိုက်ပျိုးရေးဘဏ် ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများ ဆောက်လုပ်ခွင့်ရရှိလျှက်ရှိကြောင်း ၊ မကွေးတိုင်း ဒေသကြီး စည်ပင်သာယာရေးအဖွဲ့အနေဖြင့်လည်း ၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ်မှစ၍ ခွင့်ပြုရန်ပုံငွေများတင်ပြ တောင်းခံသည့်အခါ အဆောက်အဦးကြီးကြပ်ခ အဆောက်အဦးတန်ဖိုး၏တစ်ရာခိုင်နှုန်းအား ထည့်သွင်းလျာထား တောင်းခံ၍ အဆိုပါကြီးကြပ်ခငွေများကို သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေးအဖွဲ့များသို့ ပေးသွင်းနိုင်ရေး စီမံ ဆောင်ရွက်ပေးနိုင်ပါရန် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအမှူးများထံ မေတ္တာရပ်ခံညှိနှိုင်းထားပြီးဖြစ်ကြောင်း ၊ စေတုတ္တရာမြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးအောင်ရွှေ နှင့် ဌာနဆိုင်ရာအကြီးအကဲများမှ သတ်မှတ်အခွန်အခများရရှိရေး ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
                                                  ဇေယျတု(မကွေး)

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video