ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဒေသတွင်း သမိုင်း တန်ဖိုးကြီးနေရာများ၊ သဘာဝအငွေ့အသက်ကိုပေးနိုင်သော သာယာလှပမှုများအပေါ် စိတ်ဝင်စားမှု မြင့်မားသည့် ကမ္ဘာလှည့်ခရီးသည်များအတွက် ဧရာဝတိမြစ်ကြောင်းသွားခရီးစဉ်များ စီစဉ်ထားရှိလျှက်ရှိပြီး အဆိုပါခရီးစဉ်များဖြင့် မကွေးမြို့သို့ နိုင်ငံခြားသားခရီးသည်များ ၀င်ရောက်လည်ပတ်မှု များပြားလာကြောင်း သိရသည်။
ခရီးသည်များသည် မြို့မဈေး၊လွတ်လပ်ရေးပန်းခြံ၊ဗိုလ်ချုပ်ကြေးရုပ်နှင့်မြသလွန်စေတီတော် နေရာများအား လှည့်လည်ကြည့်ရှုလေ့ရှိကြပြီး ဆိုက္ကားယာဉ်များဖြင့်သွားလာရသည်ကို သဘောကျနှစ်ခြိုက် ကြောင်း ၊ မြို့ဟောင်းရပ်ကွက်အတွင်းရှိ ပန်းပဲဖိုကြီးတွင် မြန်မာ့ရိုးရာပန်းပဲလုပ်ငန်းကို ၀င်ရောက်လေ့လာ တတ်ကြောင်း ၊ ခရီးသွားလုပ်ငန်းအချို့မှ မင်းဘူးစက္ကိန်းတဲဘုရား နှင့် နဂါးပွက်တောင်များသို့ လိုက်လံ ပို့ဆောင်တတ်ကြောင်း ၊ ဆိုက်ကပ်လာသောသဘောင်္ပေါ်တွင် ရိုးရာခြင်း အလှခတ်များဖြင့်ဖျော်ဖြေခြင်း ၊ အိမ်တွင်းမှုလုပ်ငန်းများအား လက်တွေ့လုပ်ဆောင်ပြခြင်း ၊ သံဃာတော်(၅)ပါးပင့်ဖိတ်ကာ အန္တရာယ်ကင်း ပရိတ်တရားများနာကြားစေပြီး မြန်မာတို့၏ဘာသာတရားအပေါ်ထားရှိသည့် စိတ်ထားနှင့်ယုံကြည်ချက်များ အပေါ် ရှင်းလင်းပြသခြင်းများ အခါအားလျော်စွာပြုလုပ်လေ့ရှိကြောင်း ပြည်တွင်းရေကြောင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
“ ဆိုက္ကားတွေဌားပြီးလည်တာ များတယ်၊ တစ်ခါတစ်လေတော့ သုံးဘီးတွေ၊Express ကားတွေနဲ့ သွားကြ တယ် ၊ ဆိုက္ကားဌားခတစ်ရက်ငါးထောင်ဆိုတော့ တစ်လဆယ်ခါလာရင် ကျွန်တော်တို့အတွက်ငွေငါးသောင်း သေချာတဲ့ အလုပ်ပါပဲ၊ ခရီးသည်တွေက မုန့်ဖိုးသဘောမျိုး ဒေါ်လာ၅ကျပ်တန်တွေလည်း ပေးတတ်တယ် ” ဟု အနှေးယာဉ်လုပ်သားတစ်ဦးဖြစ်သူ ကိုစိုးသိန်းက ၄င်းတို့၏ရပ်တည်မှုကိုရှင်းပြသည်။ ယခင်က သြစတျေးလျနိုင်ငံသားများလာရောက်မှုမှာ အများဆုံးဟုဆိုနိုင်သော်လည်း ယခုနှစ်ပိုင်းအတွင်း အမေရိကန် နိုင်ငံသားများနှင့် အခြားနိုင်ငံစုံမှ လာရောက်လည်ပတ်သူ သက်ကြီးတိုးရစ်များ ပိုများလာကြောင်း သဘောင်္ဖြင့်လိုက်ပါလာသူ စကားပြန်တစ်ဦးမှ သူ၏ထင်မြင်ချက်အားပြောကြားသည်။
မန္တလေး-ပြည် အစုန်၊အဆန် ခရီးစဉ်များဖြင့် RV.Orient Pandaw , RV.Katha Pandaw , PANDAW 2 ,RV.Orcaella , RV.Thurgau Exotio II , RV.INDOCHINA သဘောင်္များ မကွေးမြို့သို့ တစ်လ(၈)ကြိမ်မှ(၁၀)ကြိမ်ထိ ဆိုက်ကပ်ကြပြီး ပျမ်းမျှခရီးသည် ၂၀၀ကျော်လာရောက်လည်ပတ်လျှက် ရှိသည်။ ယခင်နှစ်အနည်းခန့်က ပြည်တွင်းရေကြောင်းသဘောင်္တစ်စီးကိုသာ အသုံးပြုမှုရှိပြီး ခရီးသွား အေဂျင်စီသဘောင်္များ ယမန်နှစ်ကထက် ပိုများလာကြောင်း ၊မကွေးမြို့သို့ နိုင်ငံခြားသားခရီးသည်ဝင်ရောက် မှုနှုန်း ပိုမိုမြင့်တက်လာကြောင်း ပြည်တွင်းရေကြောင်းနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများထံမှ သိရှိရသည်။
ဇေယျတု(မကွေး)


0 comments:
Post a Comment