မကွေး ဧပြီ
၂၈
ရခိုင်ရိုးမတောမှ ဆင်၊ကြောင်ဝက်(ခ)ကြောင်မင်းနှင့်အခြားရှားပါသော
တောရိုင်းတိရစ္ဆာန် များအား သတ်ဖြတ်၍၄င်းတို့၏ သားရေ၊အရိုး၊အသားခြောက်များအားတစ်ဘက်တရုတ်နိုင်ငံသို့
တရားမ၀င်တင်ပို့ သယ်ဆောင်ရောင်းဝယ်နေကြောင်း သတင်းရရှိသဖြင့် စဉ်ဆက်မပြတ် သတင်း စုံစမ်း၍
ဧပြီ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ
ရဲအုပ်မျိုးနိုင် ဦးစီးသောတပ်ဖွဲ့ဝင်များနှင့် သက်သေများပါဝင်သော ပူပေါင်းအဖွဲ့သည်
အဆိုပါ သစ်တောထွက်ပစ္စည်းများတင်ဆောင်လာသောယာဉ်အား မင်းဘူး-ပဒါန်း ကားလမ်းမိုင်တိုင်(၃/၃)
အနီး၊မကွေး MEG(3)စက်သုံးဆီအရောင်းဆိုင်တွင် မြင့်သိန်း- ၄၈ နှစ်၊(ဘ)ဦးချစ်မောင်၊
ရောင်း/ ၀ယ်၊ကျောင်းတွင်းရပ်ကွက်၊ငဖဲမြို့နေသူ မောင်းနှင်ပြီး ချစ်ထွန်း- ၅၀ နှစ်၊
(ဘ) ဦးမြမောင်၊ တောင်သူ၊ ပျဉ်သာကျေးရွာ၊ မကျည်းစုအုပ်စု၊ မိတ္ထီလာမြို့နေသူ လိုက်ပါလာသည့်
6G/----Hijet အဖြူရောင်ယာဉ်သည် ဆီဆိုင်တွင်ဆီဖြည့်နေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူး ရုံးမှ သိရသည်။
ဖမ်းဆီးရမိသော တရားမ၀င်သစ်တောထွက် ပစ္စည်းများမှာ
၅"x၅" ခန့် ဆင်သားရေ အခြောက်အချပ် စုစုပေါင်း(၁၉၆)ချပ်၊အလေးချိန် စုစုပေါင်း(၄၆)ပိသာတို့အား
ထည့်ထားသည့် ပီနံအိတ်အဖြူရောင်(၂)လုံး၊ပီနံအိတ်အ၀ါရောင်(၃)လုံးဖြင့်ထည့်လျှက် စုစုပေါင်းပီနံအိတ်(၅)လုံး၊
ဆင်နှာမောင်း အသားခြောက်အပိုင်းအစဆိုဒ်စုံ(၃၆)တုံး၊အလေးချိန်(၅)ပိသာခန့်တို့အား ပီနံအိတ်
အ၀ါရောင်ဖြင့်ထည့်လျှက် အထုတ်(၁)ထုတ်၊ဂျီသားရေခြောက်ဆိုဒ်စုံ(၅၁)ချပ် တို့အား ပီနံအိတ်
အဖြူရောင်(၃)လုံး၊ ပီနံအိတ်အ၀ါရောင်(၁)လုံး၊ စုစုပေါင်းပီနံအိတ်(၄)လုံး အတွင်းထည့်လျှက်
အထုတ်(၄)ထုတ်၊ကြောင်ဝက်ခေါင်းခြောက်(၄)လုံး၊ ကြောင်ဝက်အရိုးမျိုးစုံ တို့အားထည့်ထား
သော တရားမ၀င်သစ်တောထွက် ပစ္စည်းအလေးချိန်(၃)ပိသာခန့်ပါ ပီနံအိတ်အဖြူရောင် (၁)လုံး၊ သစ်ခွပန်းရိုးမျိုးစုံအခြောက်
စုစုပေါင်း အလေးချိန်(၄၀)ပိသာပါ ပီနံအိတ်အဖြူရောင်(၅)လုံး တို့နှင့် ငွေစက္ကူရောရာ(၅၈၀၀၀၀၀/ိ-)တို့ဖြစ်ပြီး
သိမ်းဆည်းရမိသော သစ်တောထွက်ပစ္စည်းများနှင့် ပတ်သက်၍ တရားမ၀င်သယ်ဆောင်လာသူ ယာဉ်မောင်း
မြင့်သိန်းနှင့် ယာဉ်ပေါ်ပါ ချစ်ထွန်း တို့နှစ်ဦးအား အရေးယူပေးရန် ရဲအုပ်မျိုးနိုင်မှ
တရားလိုပြုတိုင်တန်းသဖြင့် မင်းဘူးမြို့မရဲစခန်း (ပ)၈၄/၂၀၁၆၊ တောရိုင်းတိရစ္ဆာန်နှင့်
သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေပုဒ်မ ၃၇(က)(ခ)အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း
သိရှိရသည်။
မောင်ညီညာ(မြေလတ်)