Tuesday, January 27, 2015

၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ အမှတ်(၇)ရပ်ကွက်၊ မြို့မလမ်းပေါ်ရှိ ငွေသရဖူ စက်ဘီးအရောင်းဆိုင်အနီးတွင် အမှတ်(၁၅)ရပ်ကွက်နေ မစောခက်ခက်အေး (၃၉)နှစ် သည် ရိုးမဘဏ်မှ ငွေ(၃)သိန်းကျပ် ထုတ်ယူပြီး YUND 125 အနက်ရောင်ဆိုင်ကယ်ဖြင့် မြို့မလမ်းမှ ဆုကြီးပန်လမ်းအတိုင်း စီးနင်း လာစဉ် အမည်မသိ လူငယ်(၂)ဦးသည် လီဖန်း ၁၂၅ ဖြူနက်ကြား ဆိုင်ကယ်ဖြင့် နောက်မှ လိုက်လာပြီး မစောခက်ခက်အေး၏ ဆိုင်ကယ်အားကျော်တက်စဉ် ဆိုင်ကယ် လက်ကိုင်တွင် ချိတ်၍ ယူလာသော ပိုက်ဆံအိတ်အားလုယူ ထွက်ပြေးသွားခဲ့သဖြင့် မစောခက်ခက်အေးမှ အော်ဟစ် အကူအညီ တောင်းခံခဲ့ပြီး နောက်မှ ဆိုင်ကယ်ဖြင့် လိုက်ပါခဲ့ရာ ဆုကြီးပန်လမ်းဆုံတွင် ယာဉ်/လမ်းစည်းကမ်းတာဝန် ထမ်းဆောင် နေသော ပခုက္ကူယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များမှ ဆိုင်ကယ်ဖြင့် ထွက်ပြေးလာသော လူငယ်(၂)ဦးအား ပတ်ဝန်းကျင်ရှိ ပြည်သူများ၏ အကူအညီဖြင့် ဆိုင်ကယ်အား ရပ်တန့်စေပြီး ဖမ်းဆီးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါလူငယ်(၂)ဦးအားစစ်မေးရာ ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြန့်မြို့၊ အမှတ်(၃) ရပ်ကွက်၊ အောင် ရတနာလမ်း နေသူ အောင်ကောင်းမြတ် (ခ)ဝေမင်းသူ(၁၉)နှစ် နှင့် ထောက်ကြန့်မြို့၊ ဒုတိယစံပြ ရပ်ကွက်နေ၊ ပဏ္ဍိတလမ်းနေသူ အံ့သြအောင်(ခ)အောင်အောင်(၁၈)နှစ် တို့ဖြစ်ကြောင်း သိရှိရသဖြင့် ပခုက္ကူမြို့မရဲစခန်းသို့ ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရန် အပ်နှံပေး ခဲ့ကြောင်း၊ ရဲစခန်းတွင် အံ့သြအောင်(ခ)အောင်အောင် အား စစ်မေးရာ ၎င်း၏ ထွက်ဆိုချက်အရ ယခင်က ခိုးယူမှုများတွင်လည်း မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့သစ်၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ် နေသူ ပြည့်စုံအောင်(၁၈)နှစ်လည်း ပါဝင်ကြောင်းသိရှိရ၍ အံ့သြအောင် (ခ)အောင်အောင်၏ လက်ကိုင်ဖုန်းဖြင့် ပြည်စုံအောင် အား ခေါ်ယူစေပြီး ရဲတပ်ဖွဲ့ဝင်များမှ စောင့်ကြည့်နေစဉ် နေ့လည် ၁း၄၀ နာရီအချိန် ဧရာဝတီ တံတား(ပခုက္ကူ) တောင်ဘက် မောင်းတံဂိတ် အနီးသို့ ပြည်စုံအောင် ရောက်ရှိလာသဖြင့် ဖမ်းဆီးရမိ ခဲ့ကြောင်း၊ အောင်ကောင်းမြတ် (ခ)ဝေမင်းသူနှင့် အံ့သြအောင်(ခ) အောင်အောင် တို့ထံတွင် အရိုးအသွား (၁၀)လက်မခန့်ရှိ ဓါးမြှောင်(၂)ချောင်းကို ရှာဖွေ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ အောင်ကောင်းမြတ်၊ အံ့သြအောင်နှင့် ပြည်စုံအောင်တို့(၃)ဦးအား ဥပဒေအရ အရေးယူပေးပါရန် မစောခက်ခက်အေးမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ပခုက္ကူမြို့မရဲစခန်း (ပ) ၂၆/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈၂/၁၁၄ အရလည်းကောင်း၊ တရားမ၀င် ဓါးကိုင်ဆောင် သူ အောင်ကောင်းမြတ်နှင့် အံ့သြအောင်တို့(၂)ဦး အား ပခုက္ကူမြို့မရဲစခန်း(ပ)၂၇/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၉(င) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video