မကွေး နိုဝင်ဘာ ၂၆
နိုင်ငံတော် မဟာကမ္မဌာနာစရိယ ဓမ္မကထိက ဗဟုဇနဟိတဓရ ဓမ္မရံသီဆရာတော် ဘဒ္ဒန္တသုနန္ဒ လှူဒါန်းသည့် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ထောက်ရှာတန်းကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်း ပညာရောင်ခြည်ကျောင်းဆောင်သစ်ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီ တွင် အဆိုပါကျောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ လှိုင်နံ့သာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုစိတ္တအမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များ၊ ရပ်မိရပ်ဖများ၊ ကျောင်းသားကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြည်ညိုကြသည်။
ရှေးဦးစွာ ဧည့်ပရိသတ်များက ဓမ္မရံသီဆရာတော် ဘဒ္ဒန္တသုနန္ဒထံမှ ငါးပါးသီလခံယူဆောက် တည်၍ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဇျာယ်တော်မူသည့် မေတ္တာသုတ် ပရိတ်တရား တော်များကို နာယူကြပြီး ထောက်ရှာတန်းကျေးရွာရှိ အသက်(၇၀)ကျော် အဘိုးအဖွားများအား လှူဖွယ် ဝတ္တု ပစ္စည်းများဖြင့် ပူဇော်ကန်တော့ကြသည်။
ထို့နောက် ကျောင်းဆောင်သစ်ပေးအပ်ပွဲအခမ်းအနားကိုကျင်းပရာ ထောက်ရှာတန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ပညာရောင်ခြည်ကျောင်းဆောင်သစ်အား ဓမ္မရံသီဆရာတော် ဘဒ္ဒန္တ သုနန္ဒ ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့် ညွှန်ကြားရေးမှူးချုပ် ဦးတင်မျိုးကြည်တို့က ဖဲကြိုး ဖြတ်ဖွင့် လှစ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော် မဟာကမ္မဌာနာစရိယ ဓမ္မကထိက ဗဟုဇနဟိတဓရ ဓမ္မရံသီဆရာတော် ဘဒ္ဒန္တသုနန္ဒက ကျောင်းဆောင်သစ်ဆောက်လုပ်လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ဩဝါဒကထာ မိန့်ကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေးတိုင်းဒေသကြီးအတွင်း ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးအောင် ဆောင်ရွက် ပေးနေမှုကို ရှင်းလင်းပြောကြား၍ စာသင်ကျောင်းရေရှည်တည်တံ့ရေးနှင့် ထူးချွန်ထက်မြတ်သည့် ကျောင်းသား ကျောင်းသူများ ပေါ်ထွန်းလာရေး လေ့ကျင့်မွေးမြူကြရန် ဆရာ၊ ဆရာများအား လမ်းညွှန် မှာကြားသည်။
ထို့နောက် ဓမ္မရံသီဆရာတော်က ပညာရောင်ခြည်ပင်မစာသင်ဆောင်နှင့် ပညာရေးသင်ထောက် ကူပစ္စည်းလှူဒါန်းမှု မော်ကွန်းလွှာအား ပညာရေးဝန်ကြီးဌာန အခြေခံဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ရာ ညွှန်ကြားရေးမှူးချုပ် ဦးတင်မျိုးကြည်က လက်ခံရယူပြီး ဓမ္မရံသီဆရာတော်အား ဂုဏ်ပြုမှတ်တမ်းလွှာ ဆက်ကပ် လှူဒါန်းသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် အလှူရှင်များက လှူဒါန်းမှု ကဗ္ဗည်း ကျောက်စာအား အမွေးနံ့သာရေဖြင့် ပက်ဖြန်းပေးကြပြီး ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် အလှူရှင်များက ပညာရေးသင်ထောက်ကူ ကွန်ပျူနှင့်ဆက်စပ်ပစ္စည်းများကို တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းကြပြီး ဓမ္မရံသီဆရာတော် ဟောကြားချီးမြှင့်တော်မူသော သာဓု အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
အဆိုပါကျောင်းဆောင်သည် အလျား(၄၄၀)ပေ၊ အနံ (၃၀)ပေ၊ အမြင့် (၁၆)ပေရှိ အုတ်ညှပ်၊ သွပ်မိုး၊ ကွန်ကရစ်ခင်းအမျိုးအစားဖြစ်ပြီး စာသင်ခန်း (၁၂)ခန်း၊ ရုံးခန်း(၂)ခန်းနှင့် နားနေ ဆောင်များပါရှိသည်။ ထို့ပြင် ယင်းကျောင်းဆောင်နှင့်အတူ စာသင်ခုံ(၁၆၈)စုံ၊ ယင်လုံအိမ်သာ (၁၀)လုံး၊ ဂါလန်(၁၆၀၀)ဆန့်ရေစင်နှင့် အခြားပရိဘောဂပစ္စည်းများအားပါဝင်ပြီး ညစာကြည့်ဝိုင်းများ ပြုလုပ်နိုင်ရန် ဆိုလာမီးအလင်းပေးစနစ် ပါဝင်ကြောင်း သိရသည်။
0 comments:
Post a Comment