Tuesday, October 14, 2014




မကွေးတိုင်းဒေသကြီး သူနာပြုသားဖွားသင်တန်းကျောင်းဆောင်သစ်ဆောက်လုပ်
မကွေး    အောက်တိုဘာ   ၁၄
မကွေးတိုင်းဒေသကြီး သူနာပြုသားဖွားသင်တန်းကျောင်းဆောင်သစ်ကို ၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်တွင် ကျန်းမာရေးဦးစီးဌာန ပြည်ထောင်စုဘတ်ဂျတ်မှ သိန်း(၅၀၈၀)ဖြင့် ဆောက်လုပ်မည်ဖြစ်ပါသည်။ ယင်းသူနာပြု သားဖွား သင်တန်းကျောင်းဆောင်သစ်ဆောက်လုပ်ခြင်းအတွက် ပနက်တင်အခမ်းအနားကို ယနေ့နံနက် (၈း၃၀)အချိန်က မကွေးတိုင်းဒေသကြီး သူနာပြုသားဖွားသင်တန်းကျောင်းဆောင်သစ်ဆောက်လုပ်မည့်နေရာ တွင်ပြုလုပ်သည်။
ပန္နက်တင်အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးအောင်ကျော်မင်း၊ မကွေးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဦးထွန်းမြင့်၊ သူနာပြုသားဖွားသင်တန်းကျောင်း ကျောင်းအုပ် ကြီး ဒေါ်နွယ်နွယ်ချို၊ မကွေးတိုင်းလျှပ်စစ်ဒုတိယအင်ဂျင်နီယာမှူး၊ အောင်အောင်သော်ကုမဏီမှ တာဝန်ရှိသူ တို့က မင်္ဂလာအချိန်တွင် ပန္နက်တင်ပေး ကြပါသည်။
ယခုဆောက်လုပ်သည့် သူနာပြုသားဖွားသင်တန်းကျောင်းမှာ ၄ထပ်အဆောက်အဦဖြစ်ပြီး အလျား (၁၀၀)ပေ၊ အနံ(၄၀)ပေဖြင့် ဆောက်လုပ်မည်ဖြစ်ပါသည်။ မကွေးတိုင်းဒေသကြီး သူနာပြုသားဖွား သင်တန်းကျောင်းတွင် ယခင်က အိပ်ဆောင်(၃)ဆောင်၊ စာသင်ဆောင်(၁)သာရှိပြီး သင်တန်းသား(၂၈၉)ဦး တက်ရောက်သင်ကြားနေပါသည်။မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးမှ သင်တန်းသားများ တက်ရောက်သင်ကြားသော သင်တန်းကျောင်းကြီးဖြစ်သဖြင့်  ယခုထပ်မံဆောက်လုပ်သည့် စာသင်ဆောင် ပြီးစီးပါက သင်တန်းသားများပိုမို တက်ရောက်သင်ကြားနိုင်မည်ဖြစ်ပြီး ယခင်နှစ်များက သင်တန်းပြီးဆုံးပါက အောင်လက်မှတ်သာ ထုတ်ပေးနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ဒီပလိုမာဘွဲ့ပေးပြီး အလုပ်ခန့်အပ်လွှာပါပေး အပ်မယ်လို့ သူနာပြုသားဖွားသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်နွယ်နွယ်ချိုက ပြောကြားပါသည်။
ယင်းသို့ သင်တန်းသားများအား သင်တန်းပြီးဆုံးပါက အလုပ်ခန့်အပ်လွှာပေးအပ်မည်ဆိုပါက မကွေးတိုင်းဒေသကြီးအတွင်း အလုပ်အကိုင်အခွင့်အလမ်းများပေါများလာမည့်အပြင် ကျန်းမာရေးစောင့်ရှောက် မှုများပါ တိုးတက်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။
ခင်မာလာ(မကွေး)

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video