မကွေး အောက်တိုဘာ ၁၁
အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းများ စည်ကမ်းလိုက်နာမှု အလေ့အထကောင်းများရရှိစေ ရန် ပို့ဆက်၊ယာဉ်ထိန်း၊မထသ နှင့် ဆက်စပ်အဖွဲ့အစည်းများက ကြပ်မတ်စစ်ဆေးမှုများ မကြာခဏပြုလုပ် လျှက်ရှိသော်လည်း သီတင်းကျွတ်ကာလများအတွင်း အဝေးပြေးယာဉ်လိုင်းအချို့တွင် ခရီးသည် နှင့် ကုန်စည်များ လောဘဇောတိုက်ကာ အပြည့်အကျပ်တင်ဆောင်နေမှုများရှိနေပြီး ခရီးသွားပြည်သူများ အတွက် အန္တရာယ်ကိုဖိတ်ခေါ်နေသလိုဖြစ်နေကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။
“သီတင်းကျွတ်ကာလဆိုတော့ ကားမှပါတဲ့ခုံတွေအပြင် အလယ်ခုံတွေမှာခရီးသည်တင်တဲ့ အထိ နားလည်ပေးလို့ရပါတယ် ၊လူတွေကလည်း ကိုယ့်အိမ်ကိုယ်ပြန်ချင်၊ ကားသမားတွေကလည်း ကားခပို ရချင် နှစ်ဦးနှစ်ဘက်ပြေလည်နေသလိုပါပဲ ၊ ဒါပေမယ့် ခရီးသည်တင်ကားမှာ ကားဝမ်းထဲမှာရော၊ နောက်ဆုံး ခုံရှည်တန်းအကန့်မှာရော ကုန်တွေပြည့်ကျပ်နေအောင်တင်တော့ ကားကဟိုဘက်ယိမ်း ဒီဘက်ယိမ်းနဲ့ လမ်းတစ်လျှောက်လုံး အိပ်မပျော်ပဲဘုရားတနေရတယ်” ဟုမန္တလေး-ကျောက်ပန်းတောင်း-ချောက်-ဆိပ်ဖြူ- စလင်း-မင်းဘူး ခရီးစဉ်ဖြင့်လိုက်ပါလာသူ ခရီးသွားတစ်ဦးမှ ၄င်း၏အတွေ့အကြုံအားရှင်းပြသည်။
ပြည်တွင်းအဝေးပြေးခရီးစဉ်များအတွင်း ယာဉ်တိမ်းမှောက်မှုများ၊ ယာဉ်တိုက်မှုများကြောင့် ယာဉ်လိုင်းပိတ်သိမ်းရသည်အထိ အရေးယူဆောင်ရွက်မှုများပြုလုပ်ခဲ့ရပြီး အပြစ်မဲ့ပြည်သူများသေကျေ ပျက်စီးခဲ့ရကာ မိသားစုဘ၀ပေါင်းများစွာ နစ်နာဆုံးရှုံးမှုများကြုံတွေ့ခဲ့ရသည်။ခရီးသွားအာမခံလုပ်ငန်းများ တွင်ကျယ်အားကောင်းလာသည်အထိ ခရီးသွားပြည်သူများ၏စိုးရိမ်မှုများလည်း မြင့်တက်လာခဲ့သည်။
ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များ၊ ယာဉ်ပိုင်ရှင်များ၏ ဘ၀တွင် လူတိုင်းမသိနိုင်သော ဘ၀အခက်အခဲမျိုးစုံ ရှိနေနိုင်သော်လည်း မိမိတို့အပါအ၀င် ခရီးသွားပြည်သူများ၏နောက်တွင် ဘ၀ပေါင်း များစွာနှင့်ဆက်စပ်နေသေးကြောင်း အသိတရားရှိရန်လိုအပ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း လောဘကြောင့်အန္တရာယ်ကိုလက်ယပ်ခေါ်သလိုဖြစ်နေသော ယာဉ်လိုင်းအချို့အား စည်းကမ်းပိုင်းကြပ်မတ် ပေးစေလိုကြောင်း ခရီးသွားပြည်သူတစ်ဦးထံမှ သိရှိရသည်။ ဇေယျတု(မကွေး)


0 comments:
Post a Comment