Thursday, April 25, 2019


မကွေး၊ ဧပြီလ ၂၅ ရက်
၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ ည ၉ နာရီကျော်ခန့်တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မှုခင်းအကူ ဌာနစိတ်မှ တပ်ဖွဲ့ဝင်များသည် မကွေးမြို့၊ ဆားရွှေကင်းရပ်ကွက်၊ ဗိုလ်ချုပ်ပန်းခြံတွင် အသွင်ယူ စောင့်ကြည့်သတင်းရယူနေစဉ် ဗိုလ်ချုပ်လမ်းနှင့် ပန်းခြံလမ်းထောင့်တွင် အမျိုးသမီးနှစ်ဦးထံမှ ပိုက်ဆံအိတ် ဆွဲယူထွက်ပြေးသွားကြောင်း သတင်းပို့ခဲ့ရာ ဒုရဲမှူး ကျော်သန်းနှင့်အဖွဲ့၊ ရဲအုပ် အေးမင်းထွန်းနှင့်အဖွဲ့၊ မကွေးမြို့မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လိုက်လံစုံစမ်းဖမ်းဆီးခဲ့ပါသည်။
ည ၉ နာရီခွဲခန့်တွင် ရာဇမုနိတောင်ပေါ်ဘုန်းကြီးကျောင်းအနီး ဧည့်ရိပ်သာလမ်းနှင့် လမ်းမတော် လမ်းထောင့်တွင် တောင်တွင်းကြီးမြို့၊ ရွှေအိုး(၁)ရပ်ကွက်နေ ဆန်းဝင်းထွန်း၊ ၁၇ နှစ် မောင်းနှင်ပြီး မကွေးမြို့နယ်၊ မကျည်းကန်ကျေးရွာနေ မောင်တူး(ခ)တိုးလွင်ပိုင်ဦး၊ ၁၉ နှစ် နောက်ထိုင်ပါလာ သည့် BOJIA အဖြူရောင်ကလစ် 125 ဆိုင်ကယ်အား ရပ်တန့်စေပြီး စစ်ဆေးခဲ့ရာ မောင်တူး(ခ) တိုးလွင်ပိုင်ဦး၏ ဘောင်းဘီအိတ်ကပ်အတွင်းမှ လုယူလာသည့် စစ်စိမ်းရောင်ပိုက်ဆံအိတ်တစ်လုံး (အတွင်းတွင် ငွေစက္ကူရောရာ ၁၅၁၈၀၀ိ/-၊ SAMSUNG J6+ အနီရောင်ဖုန်း(၁)လုံး၊ မမေမြတ်မိုး၏ နိုင်ငံသားစိစစ်ရေးကဒ်ပြားတစ်ခု)အား တွေ့ရှိရသည့်အပြင် အရှည်(၈)လက်မခန့်ရှိ စကေဘာ (၁)ချောင်း၊ အရှည်(၉)လက်မခန့်ရှိ တိပ်အနက်ပတ်ထားသည့် စကေဘာထည့်သည့် သံပိုက်လုံး (၁)လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဆန်းဝင်းထွန်းနှင့် မောင်တူး(ခ)တိုးလွင်ပိုင်ဦးတို့(၂)ဦးအား မမေမြတ်မိုးမှ တရားလိုပြုလုပ်၍ မကွေးမြို့မရဲစခန်း (ပ)၇၀၇/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၈၂ အရလည်းကောင်း၊ ရဲအုပ် ဇင်မင်းထွန်းမှ တရားလိုပြုလုပ်၍ မကွေးမြို့မရဲစခန်း(ပ)၇၀၈/၂၀၁၉ လက်နက် ၁၉(င) အရ လည်းကောင်း အသီးသီးအမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ဆေးပေါ်ပေါက်ချက်အရ မောင်တူး(ခ)တိုးလွင်ပိုင်ဦးမှာ လွန်ခဲ့သော(၁)လခန့်က ယောက်ဖအရင်း ဖြစ်သူ ချစ်စန်းအောင်အား စကေဘာဖြင့်(၁)ချက်ထိုးခဲ့၍ ရေနံချောင်းမြို့နယ်၊ ညောင်လှနယ်မြေ ရဲစခန်း(ပ)၅၀/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၂၄ ဖြင့် အမှုဖွင့်ထားသည်ဟု သိရှိခဲ့ရကြောင်း  သတင်း ရရှိပါသည်။

 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video