Friday, May 5, 2017

မကွေး၊ မေ ၅

၂၀၁၇ ခုနှစ်၊ မေလ ၅ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် မြို့သစ်မြို့နယ်၊ ဂွေးချို(န) ကျေးရွာ အနီးတွင် လုယက်မှုဖြစ်ပွားကြောင်းသတင်းအရ ၀ါးကြီးအိုင်နယ်မြေရဲစခန်းမှူးနှင့်တပ်ဖွဲ့ဝင် များသည် သက်သေများနှင့်အတူ အခင်းဖြစ်ရပ်သို့ ချက်ချင်းသွားရောက်စစ်ဆေးခဲ့ရာ ဖြစ်စဉ်မှာ ဂွေးချိုကျေးရွာ အုပ်စုအတွင်း စိုက်ပျိုးစရိတ်များချေးရန်အတွက် ၀ါးကြီးအိုင်ကျေးရွာနေ ပက်စ်မြန်မာ ချေးငွေလုပ်ငန်းအရာရှိ ဦးဝင်းဘို (၃၅)နှစ်မောင်းနှင်ပြီး နောက်မှ တောင်တွင်းကြီးမြို့နယ်၊ ကန်ဘေးကျေးရွာနေ စာရင်းစစ် မဟေမာလွင်(၃၁)နှစ်လိုက်ပါလာသည့် ၃၅ယ/၁၇၉၁ ကန်ဘို ၁၂၅အစိမ်းရောင်ဆိုင်ကယ်၁စီး၊ ၀ါးကြီး အိုင်ကျေးရွာနေ ချေးငွေအရာရှိများဖြစ်သည့်ဦးသောင်းကြိုင် (၃၅)နှစ်မောင်းနှင်သည့် ရင်ဇင်း ၁၂၅ ဆိုင် ကယ် ၁ စီး၊ ကိုမျိုးကိုကိုဦး (၃၁)နှစ် မောင်းနှင်ပြီး မစုမြတ်နွယ်(၂၆)နှစ် လိုက်ပါလာသည့် ၃၄ယ/၃၉၄၂ ကန်ဘို ၁၁၀ ဆိုင်ကယ် ၁ စီး၊ ပေါင်း ၃ စီးဖြင့် ၀ါးကြီးအိုင်ကျေးရွာမှ ဂွေးချိုကျေးရွာသို့ မောင်းနှင်လာစဉ် ဂွေးချိုအနောက်ကျေးရွာအနီး နတ်ရွာကျေးရွာလမ်းခွဲအရောက်တွင် လမ်းဘေးချုံဘုတ်အတွင်းမှ အမည်မသိ အမျိုးသား ၃ ဦး ထွက်လာပြီး ဦးဝင်းဘိုဆိုင်ကယ်အား တားဆီး၍ အသင့်ပါလာသည့် အရှည် ၂ တောင်ခန့်ရှိ သစ်သားတုတ်များဖြင့် ရိုက်ခဲ့သဖြင့် ဦးဝင်းဘိုတွင် ဒဏ်ရာများရရှိခဲ့ပြီး ၎င်းတို့တွင်ပါလာသည့် D 2 ခဲရောင် ကျောပိုးအိတ်ဖြင့်ထည့်ထားသည့် ရုံးပိုင်ငွေ (၁၆,၂၀၀,၀၀၀ိ/-) ဦးဝင်းဘိုပိုင်သည့်ငွေ (၈၀,၀၀၀ိ/-)၊ မဟေမာလွင် ပိုင်သည့်ငွေ (၁၀၀,၀၀၀ိ/-)နှင့် HUAWEI တံဆိပ်ပါဟန်းဆက် ၁ လုံး၊ SHWE ME တံဆိပ်ပါ ဟန်း ဆက် ၁ လုံး၊ Powerbank ၁ ခု(၁၅,၀၀၀ိ/-) ၊ ဘဏ်စာအုပ် ၂ အုပ်၊ ATM ငွေထုတ်ကဒ် ၁ ခုတို့အား လုယူထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

ဝါးကြီးအိုင်နယ်မြေရဲစခန်းမှူးနှင့်တပ်ဖွဲ့ဝင်များမှ ချက်ချင်းလိုက်လံစုံစမ်းဖမ်းဆီးခဲ့ရာ ယင်းနေ့ မွန်းလွဲ ၂ နာရီ ၅ မိနစ်အချိန် နေပြည်တော်-မြို့သစ်-ကံပြားလမ်း လေးတိုင်စင်ကျေးရွာအနီးတွင် မြို့သစ်မြို့နယ်၊ ဂွေးချို (န)ကျေးရွာနေ တရားခံ ၀င်းကြိုင် (၃၇)နှစ်အား ဟွန်ဒါဖစ် ၁၂၅ နက်ပြာ ရောင်ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆိုင်ကယ်တူးဘောက်အတွင်းမှ ငွေကျပ် (၆၀) သိန်း၊ Powerbank ၁ ခုတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သော်လည်း ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သည့် ၎င်းနှင့်တစ်ရွာတည်းနေ ဘိုဌေး(၄၄)နှစ်နှင့် သန်းဌေး (၁၇)နှစ်တို့ ၂ ဦးမှ ထွက်ပြေး တိမ်းရှောင် သွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံများအား ၀ါးကြီးအိုင်နယ်မြေရဲစခန်း (ပ) ၆/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၄ အရ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပြီး ထွက်ပြေးတရားခံ ၂ ဦးအား ဖမ်းဆီးရမိရေးအတွက် မြို့သစ်မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးစီးသည့်အဖွဲ့၊ မကွေးခရိုင်ရဲတပ်ဖွဲ့မှ အဖွဲ့၊ တိုင်းမှု/ကူအဖွဲ့၊ ညောင်ကန်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ၀ါးကြီးအိုင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များမှ အဖွဲ့များ ခွဲ၍ ထပ်ကြပ်မကွာ လိုက်လံစုံစမ်း ဖမ်းဆီးခဲ့ရာ ယင်းနေ့ ညနေ ၅ နာရီ ၅၅ မိနစ်အချိန်တွင် လေးတိုင်စင်အုပ်စု၊ လေးတိုင်စင်မြောက်ကျေး ရွာ၏ အနောက်ဘက် ၁ ဖာလုံခန့်အကွာ ဦးထွန်းထွန်းဦး ပိုင်သည့် ယာခင်းအတွင်းမှ တရားခံ သန်းဌေး (ခ) သန်းဌေးဦးအား ငွေ ကျပ် သိန်း (၅၀) နှင့်လည်းကောင်း၊ တရားခံ ဘိုဌေးအား ငွေကျပ် (၅၂) သိန်း၊ အရိုးအသွား ၁၀ လက်မခန့်ရှိ ဓါးမြှောင် ၂ ချောင်း၊ HUAWEI အမျိုးအစား ဟန်းဆက် ၁ လုံး၊ SINGTEACH ဟန်းဆက် ၁ လုံးတို့ နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video