Thursday, October 9, 2014


မကွေး         အောက်တိုဘာ    ၈
    မကွေးတိုင်းဒေသကြီး၏ ကျက်သရေဆောင် မကွေးမြသလွန်စေတီတော်မြတ်ကြီး၏ ၂၅၇၈ကြိမ်မြောက်ဗုဒ္ဓ ပူဇနိယပွဲတော် ၂၆ကြိမ်မြောက် ဆီမီး(၉၀၀၀)ပူဇော်ပွဲကို အောက်တိုဘာ(၈)ရက် သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာ အခါတော်နေ့ ညနေ၆နာရီအချိန်တွင် သာဝတိံသာနတ်ပြည်တွင် ၀ါတွင်းသုံးလပတ်လုံး ဓမ္မစကြာင်္တရားဟောကြားပြီး လူပြည်သို့ မြတ်စွာဘုရားရှင် ပြန်လည်ကြွမြန်းလာသည်ကိုရည်မှန်း၍ ဆီမီး၊ နံ့သာတို့ဖြင့် ပူဇော်ခြင်းအခမ်းအနားကို ဘုရားရင်ပြင်တော်ပေါ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
    ဆီမီး၉၀၀၀ ပူဇော်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့်ဇနီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့များ ဘုရားကြီး ဂေါပကအဖွဲ့ဝင်များ၊ ၀တ်အသင်းအဖွဲ့များ၊ ဘုရားကြီးအား နေ့အလိုက် ပန်းဆက်ကပ်သည့် အသင်းအဖွဲ့များနှင့် ပြည်သူများ တက်ရောက်ကြည်ညိုခဲ့ကြပြီး မြသလွန်စေတီတော်ဘုရားပွဲဈေးတန်းတလျှောက်နှင့် စေတီတော် ရင်ပြင်ပေါ်တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိပါသည်။
    အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မြသလွန်စေတီတော် ဗုဒ္ဓဝေယျာဝစ္စအဖွဲ့မှ ဇယန္တောဂါထာတော်ဖြင့် လက်အုပ်ချီမိုး ပူဇော်ခဲ့ကြသည်။ ဆက်လက်၍မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့်ဇနီး၊  ဧည့်သည်တော်ကြီးများမှ ဆီမီး၊ နံ့သာများကို ထွန်းညှိကပ်လှူပူဇော်ခဲ့ကြသည်။ ဆီမီး (၉၀၀၀) ပူဇော်ပွဲအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ၄င်းနောက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်ကြီးများသည် ဘုရားကြီးအား နေ့အလိုက် ၀တ်အသင်းအဖွဲ့များနှင့် ဘုရားဖူးပြည်သူများအား တရင်းတနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့ပြီး ဧရာဝတီမြစ်အတွင်းမှ ယူဘီရေယာဉ်ဖြင့် မြသလွန်စေတီတော်မြတ်ကြီးအား ဆီမီး(၉၀၀၀)ပူဇော်ထားရှိမှုကို မြစ်အတွင်းမှ လှည့်လည် ဖူးမြော်ကြည်ညိုခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video