၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၁၀ ရက်နေ့ နံနက်(၁)နာရီခွဲအချိန်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ ရွာသစ်ပွဲကြိုရပ်ကွက်၊ ဆေးရုံလမ်း၊ ရဲအကူတပ်ဖွဲ့ခွဲဝန်းတိုက်တန်း၊ အခန်းအမှတ် (G-1) နေ Good Luck လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးကျော်ခိုင်ထွန်း (၄၀)နှစ်မှ ၎င်း၏နေအိမ်တိုက်ခန်းအား တုတ်ချောင်းဖြင့် ပစ်ပေါက်ခံရ၍ ပြုတင်းပေါက်မှန်ကွဲသွားကြောင်း ဖုန်းဖြင့်သတင်းပေးချက်အရ မကွေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ မကွေးမြို့၊ ရွာသစ်ပွဲကြိုရပ်ကွက်၊ ဆေးရုံလမ်း၊ ရဲအကူတပ်ဖွဲ့ခွဲဝန်းတိုက်တန်း၊ အခန်း အမှတ် (G-3) နေ မကွေးဆေးတက္ကသိုလ်ကျောင်းသားများဖြစ်သည့် စောကျော်အဲမွန်တြာ (၂၀)နှစ်၊ ဇော်သူမိုး (၂၁)နှစ်၊ အံ့မင်းခန့် (၂၁)နှစ်၊ ကောင်းထက်ကို (၂၁)နှစ်၊ စည်ရဲမောင် (၂၀)နှစ်နှင့် နေမင်းဦး (၂၁) နှစ်တို့ ၆ ဦးသည် အခန်းအမှတ် (G-3) ရှေ့တွင် မီးပုံပွဲပြုလုပ်၍ သီချင်းသီဆိုနေသဖြင့် ဦးကျော်ထွန်းခိုင် မှ အော်ဟစ်သီဆိုခြင်းမပြုလုပ်ရန် ပြောဆိုတားဆီးရာ ဆေးကျောင်းသား ၆ဦးအနက် အံ့မင်းခန့်မှ သစ်သားတုတ်ဖြင့် ပစ်ပေါက်သဖြင့် ဦးကျော်ထွန်းခိုင်၏ တိုက်ခန်းအပေါ်ထပ် ပြုတင်းပေါက်မှန် ၁ ချပ် ကွဲသွားကြောင်း စစ်ဆေးသိရှိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးကျော်ထွန်းခိုင်မှ အမှုဖွင့်အရေးယူလိုခြင်းမရှိဘဲ ဆေးကျောင်းသားများ အနေဖြင့် နောက်နောင်ယခုကဲ့သို့ မပြုလုပ်ရန်အတွက် ပြောဆိုဆုံးမပေးရန် တောင်းဆိုသဖြင့် အဆိုပါဆေးကျောင်းသား ၆ ဦးအား မကွေးဆေးတက္ကသိုလ် ဒုမော်ကွန်းထိန်း ဦးသိန်းဇော်မိုးရှေ့ တွင် နောင်အလားတူဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွားမှုမရှိစေရေး ထိန်းသိမ်းစောင့်ရှောက်သွားရန် မကွေးမြို့မ ရဲစခန်းတွင် ခံဝန်ကတိလက်မှတ်များ ရေးထိုးကာ ဆေးကျောင်းသား ၆ ဦးအား ဒုမော်ကွန်းထိန်း ထံ ကောင်းမွန်စွာ အပ်နှံပေးခဲ့ကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment